ခွင့်မပြုထားဟုဆိုသော်လည်း လယ်မြေများကို မြေဖို့အကွက်ရိုက် ရောင်းချမှုပိုများလာ

0
4472

လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများ မြေဖို့အကွက်ရိုက် ရောင်းချခြင်းကို ခွင့်ပြုထားခြင်းမရှိဟု စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသော်လည်း  အကွက်ရိုက် ရောင်းချမှုများ ပိုမိုများပြားလာနေသည်။

ယင်းသို့ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများကို မြေဖို့ကာ အကွက်ရိုက်ရောင်းချမူမှာ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြသည်။

လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ အကွက်ရိုင်းရောင်းချမူမှာ NLD အစိုးရလက်ထက်ကပင် တရားမဝင်လုပ်ဆောင်နေကြခြင်းပြီး ယင်းအချိန်က တနင်္သာရီတိုင်းအစိုးရက အရေးယူမူများ လုပ်ဆောင်ခဲ့သေးသည်။

သို့သော် ထိရောက်မှုအားနည်းသဖြင့် ကြပ်ကြပ်မတ်မတ် အရေးယူရန် စတင်လုပ်ဆောင်ချိန်တွင် အာဏာသိမ်းမူဖြစ်ပွားခဲ့သဖြင့် အကွက်ရိုက်မြေ ကြပ်မတ်ရေးကိစ္စမှာ ပျောက်ကွယ်သွားခဲ့သည်။

၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းတွင်မူ ထားဝယ်ခရိုင်တွင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများကို အကွက်ရိုက်ရောင်းချမှု ပိုမိုများပြားလာခဲ့သည်။

အာဏာမသိမ်းမီ NlD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)အစိုးရလက်ထက်က မြို့နှင့်နီးသည့်နေရာများတွင်သာ အကွက်ရိုက်ရောင်းချကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ထားဝယ်ခရိုင်ရှိ ကျေးရွာတိုင်းနီးပါးတွင် အကွက်ရိုက်ရောင်းချမူများ လုပ်ဆောင်လာကြသည်။

လက်ရှိတွင်မူ မိုးရာသီဖြစ်ခြင်းကြောင့် အကွက်ရိုက်မူများမတွေ့ရတော့ဘဲ ရိုက်ပြီးသားအကွက်များကို Facebook စာမျက်နှာများတွင် ပေါ်ပေါ်တင်တင် ကြော်ငြာရောင်းချနေကြသည်။

“လူတွေက အကွက်ရိုက်မြေကို ပိုစိတ်ဝင်းစားလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဈေးပေါပေါနဲ့ရတာကိုး။ ထားဝယ်မှာဆိုလည်း အကွက်ရိုက်မြေက အရောင်းအဝယ်ပိုဖြစ်တယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

အကွက်ရိုက်မြေ ရောင်းချသူတို့သည် ဒေသတွင်း ဆယ်လီများကိုငှားရမ်းကာ လူမူကွန်ရက်မှတစ်ဆင့် တိုက်ရိုက် လိုက်ဖ်လွှင့် ရောင်းချခြင်းများအထိပါ ဆောင်ရွက်လာကြသည်။

၎င်းတို့သည် အကွက်ရိုက်မြေပေါ် အိမ်ဆောက်နေထိုင်ခွင့်ရှိကြောင်း၊ အခြားနည်း အသုံးပြုခွင့် တင်ထားပြီးဖြစ်ကြောင်း မက်လုံးပေးကာ ရောင်းချလေ့ရှိသည်။

စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကမူ လယ်ယာမြေနှင့် ဥယျာဉ်ခြံ‌မြေပေါ် ခွင့်ပြုချက်မရှိဘဲ မြေဖို့နေမှုများ မြင်တွေ့ထားပြီး အရေးယူမည်ဟု စက်တင်ဘာလ ၁၃ ရက်က ပြောသည်။

“လယ်ယာမြေကို ဘာမှခွင့်ပြုချက်မရဘဲ မြေကြီးဖို့ပြီးတော့ လုပ်နေတာတွေကို အရေးယူဖို့ဆိုပြီးတော့ တင်ပြထားတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး လုပ်နေတာရှိရင် သတင်းပေးလို့ရတယ်။ တိုင်ကြားလို့ရတယ်။ ဒါတွေကို နိုင်ငံတော်ကလည်း လက်မခံဘူး။ အစိုးရအဖွဲ့ကလည်း လက်မခံဘူး” ဟု ၎င်းကပြောဆိုသည်။

မည်သည့်ပုံစံဖြင့် အရေးယူမည် မည်သည့်အချိန်တွင် အရေးယူမည်ကိုမူ မသိရပေ။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ခုကလည်း လယ်ယာမြေ မြေဖို့ရောင်းချမူများ မပြုလုပ်ရန် သတိပေးထုတ်ပြန်ချက်တစ်စောင် ယခုနှစ် နွေရာသီက ထုတ်ပြန်ခဲ့ဖူးသည်။

အကွက်ရိုက်မြေရောင်းချသူတစ်ဦးကမူ လာမည့် ပွင့်လင်းရာသီတွင်လည်း အကွက်ရိုက် ရောင်းချရန် ဥယျာဉ်‌ခြံမြေများကို ဝယ်ယူထားကြောင်းပြောဆိုသည်။

“အချက်အခြာလည်းကျတယ်။ ကိုယ်လိုချင်တဲ့ မြေအကျယ်အဝန်းလည်း ရှိတယ်ဆိုရင်တော့ ဝယ်ထားတာတွေရှိတယ်။ အခုက မိုးရာသီဆိုတော့ အလုပ်လုပ်လို့မရဘူး။ ရှိပြီးသားအကွက်တွေတော့ရှိတယ်။ အဲဒါတွေ အခုရောင်းပေး နေပါတယ်” ဟု ၎င်းကဆိုသည်။

လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများကို ပေါက်ဈေးဖြင့် ဝယ်ယူပြီး မြေကိုအပြောင်ရှင်းကာ အိမ်တစ်ဆောင်စာ ‌ပေ ၂၀ ပေ ‌၄၀ ပတ်လည်အကွက်၊ ပေ ၄၀ ပေ ၆၀ အကွက် စသဖြင့် အကွက်ရိုက်ရောင်းချကြပြီး ‌သိန်းရာနှင့်ချီ အမြတ်အစွန်း ရလေ့ရှိကြောင်း အကွက်ရိုက်မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အကွက်ရိုက်မြေက အမြတ်ကြီးတယ်၊ အရှုံးလည်းကြီးတယ်။ အကွက်ရိုက်ပြီးမှ မြေမသန့်ဘူး၊ ရေမရဘူးဆိုတာတွေရှိတယ်။ တချို့ကျတော့ တဲအိမ်လေးတွေဆောက်ပြီး ရောင်းလိုထွက်နေတဲ့ပုံစံဖမ်းပြီး လှည့်ရောင်းတာတွေလည်းရှိတယ်” ဟု အကွက်ရိုက်မြေဈေးကွက်မှ ပွဲစားတစ်ဦးကဆိုသည်။

ထားဝယ်မြို့ပေါ်က အကွက်ရိုက်မြေမှာ မြို့မြေအမျိုးအစားဖြစ်သဖြင့် စိတ်ချရနိုင်‌သော်လည်း နယ်ဘက်ရှိ အကွက်ရိုက်မြေမှာမူ လယ်မြေ၊ ဥယျာဉ်ခြံမြေ အမျိုးအစားကများသဖြင့် ဝယ်ယူရန် မသင့်တော်ကြောင်း လိုင်စင်ရ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

လက်ရှိထားဝယ်ဒေသတွင် ပေ ၂၀၊ ပေ ၄၀ ပတ်လည် အကွက်ရိုက်မြေ တစ်ကွက်လျှင် ကျပ်သိန်း ၄၀ မှ သိန်း ၁၀၀ ကျော်ဝန်းကျင်ပေါက်ဈေးရှိပြီး ၄၀ ပေ၊ ၆၀ ပေ ပတ်လည်တစ်ကွက်မှာ ကျပ်သိန်း ၁၀၀ မှ ၃၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြသည်။

ယင်းဈေးနူန်းမှာ ဒေသတွင်းရှိ သာမာန်လူတန်းစားများ လက်လှမ်းမီနိုင်သော နှုန်းထားဖြင့်သဖြင့် လူစိတ်ဝင်စားမူပိုများကြသည်။

အကွက်ရိုက်မဟုတ်ဘဲ သာမန်မြေအမျိုးစားဆိုပါက ယင်းဈေးထက် သုံးဆခန့်ကွာဟမူရှိသဖြင့် လက်လှမ်းမီသူနည်းပါးကြသည်။