ထိုင်းတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၂၇၀ကျော် နစ်နာကြေး ဘတ်ငါးသန်းကျော်ရ

0
3810
Photo: AAC

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်ရှိ လျှပ်စစ်ပစ္စည်းစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၂၇၀ ကျော်အတွက် တစ်ဦးလျှင် ဘတ်နှစ်သောင်းကျော်နှုန်းဖြင့် စုစုပေါင်းဘတ် ငါးသန်းကျော် နစ်နာကြေးရရှိကြောင်း အလုပ်ထုတ် ခံရသည့် အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) တို့ထံမှ သိရသည်။

နဝမ်နခွန်နယ်မြေရှိ Belton လျှပ်စစ်ပစ္စည်းစက်ရုံတွင် တရားဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၇၀ ကျော်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ရုတ်တရက်အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

စက်ရုံတွင် အလုပ်နည်းလာရာ အလုပ်သမားအင်အားလျော့ချသည့်အနေဖြင့် နစ်နာကြေး တစ်စုံတစ်ရာမပေးဘဲ အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

ယင်းနေ့တွင်ပင် မြန်မာအလုပ်သမားများက စက်ရုံအတွင်းဆန္ဒပြခဲ့ကြရာ AAC အဖွဲ့မှ အလုပ်သမား တာဝန်ခံများက အလုပ်သမားများအတွက် စက်ရုံတာဝန်ရှိသူများနှင့် သွားရောက်ညှိနှိုင်းပေးခဲ့ကြောင်း AAC ထံမှ သိရသည်။ AAC နှစ်ဖွဲ့ရှိသည့်အနက် ယခုအဖွဲ့မှာ ဦးရဲမင်းဦးဆောင်သည့်အဖွဲ့ဖြစ်သည်။

ယင်းနောက် အလုပ်ထုတ်ခံရမှုအတွက် နစ်နာကြေး လုပ်အားခတစ်လစာ၊ ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခြင်း အတွက် လုပ်အားခ ၁၅ ရက်စာ စုစုပေါင်း လုပ်အားခ ၄၅ ရက်စာကို နစ်နာကြေးပေးရန် စက်ရုံဘက် သဘောတူခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ယင်းအပြင် ပန်းရောင်ကတ် (နေထိုင် အလုပ်လုပ်ခွင့်လက်မှတ်) နှင့် စာအုပ်သက်တမ်းတိုးသူများ အပြီးပြတ် လုပ်ပေးရန်တို့ကို စက်ရုံဘက်က သဘောတူခဲ့ကြောင်း AAC အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အလုပ်သမားတွေ ဆန္ဒပြနေတုန်းက ထိုင်းပုလိပ် (ထိုင်းရဲ) တွေ ရောက်လာတော့ မြန်မာအလုပ်သမားတွေက ကြောက်တတ်ကြတယ်။ စက်ရုံကတော့ ဆူပူမှုမဖြစ်အောင်ထိန်းတဲ့ သဘောပါပဲ။ အလုပ်သမားတွေ မဖမ်းဆီးဖို့ ပြောတော့ သူတို့ဘက်က လိုက်လျောပေးတယ်။ ပြီးတော့ နစ်နာကြေးတွေရော၊ သူဌေးလက်မှတ်တွေကော အကုန်ရပါတယ်” ဟု ၎င်းက ဆိုသည်။

စက်ရုံသည် အလုပ်သမားများ၏ စာအုပ်သက်တမ်းတိုးခြင်းနှင့် ပန်းရောင်ကတ်ပြုလုပ်ပေးရန်အတွက် အလုပ်သမား များထံမှ ဘတ် ၁၂၀၀၀ မှ ၁၆၀၀၀ အထိ ကောက်ခံထားပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ မပြုလုပ်ရသေးသူ အများအပြားရှိနေခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

“အလုပ်က ထုတ်တယ်ဆိုပြီး မနက်မှ ပြောတော့ ဆူကုန်တာ။ ထိုင်းတွေလည်း အလုပ်ထုတ်တဲ့အထဲပါပေမယ့် သူတို့ကိုက လျော်ကြေးပေးပီးသားဆိုတော့ အသံမထွက်ကြဘူး။ ညီမတို့က လုပ်သက် ၁ နှစ်မပြည့်သေးတော့ ထုတ်တဲ့အထဲ ပါသွားတာ။ နောက်တော့ နစ်နာကြေးရော စာရွက်တွေရော ညှိလို့ရသွားတော့ တော်သေးတယ်” ဟု အလုပ်အထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောဆိုသည်။

အလုပ်ထုတ်ခံရသူများတွင် ပန်းရောင်ကတ် (အလုပ်သမားကတ်) မရိုက်ရသေးသူ ၈၁ ယောက်ကို ယခုလ ၁၉ ရက်နေ့နှင့် စာအုပ် သက်တမ်းတိုးမည့်သူ ၂၄ ဦးကို ၂၀ ရက်နေ့တွင် စက်ရုံဘက်က အပြီးပြတ်ပြုလုပ်ပေးမည်ဖြစ်ကြောင်း AAC ထံမှ သိရသည်။

အလုပ်ပြောင်းရန် စာရွက်စာတမ်းဖြစ်သော သူဌေးပြောင်းလက်မှတ်နှင့် အလုပ်ရှင်မှ သိမ်းထားသော Work Permit များကိုလည်း အလုပ်သမားများထံသို့ ပြန်လည်ရရှိပြီဖြစ်ကြောင်း AAC ထံမှ သိရသည်။

ပြီးခဲ့သော စက်တင်ဘာ ၉ ရက်နေ့တွင်လည်း အုန်းရိုင် Big C အနီးရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် တရားဝင် လုပ်သက်ပြည့် မြန်မာလုပ်သား ၂၀၀ ခန့်ကို အလုပ်ထုတ်ခဲ့ရာ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းသော်လည်း ပြေလည်မှု မရရှိခဲ့သဖြင့် အလုပ်သမားများဘက်မှ အလုပ်ရှင်ကို တရားစွဲဆိုထားသည်။