ထားဝယ်ထောင်တွင် အစားအသောက် ကျွေးမွေးမှု ပမာဏ လျှော့ချ

0
328

အထွေထွေကုန်စျေးနှုန်း ကြီးမြင့်လာမှု အကျိုးဆက်အဖြစ် ထားဝယ်ထောင်အတွင်း အစားအသောက် ကျွေးမွေးရာတွင် ခွဲတမ်းများ လျှော့ချလာကြောင်း အကျဉ်းသားများနှင့် နီးစပ်သူများ ထံမှ သိရသည်။

ထားဝယ်ထောင်အတွင်း အကျဉ်းသားတစ်ဦးလျှင် တစ်ရက် ၉၇၅ ကျပ် နှုန်းဖြင့် တွက်ချက်ပြီး သုံးနပ်ကျွေးမွေးလျက်ရှိသည်။

နံနက်ပိုင်းတွင် ဆန်ပြုတ် သို့မဟုတ် ထမင်းကြော်၊ နေ့လယ်ပိုင်းတွင် ပဲဟင်းနှင့် ထမင်းဖြူ၊ ညနေပိုင်းတွင် တစ်ပတ်လျှင် ကြက်သား နှစ်ရက်၊ ငါးတစ်ရက်၊ ကြက်ဥ တစ်ရက် ကျွေးမွေးသည်။ ကျန်ရက်တွင် အသီးအရွက် ဟင်းချိုတစ်မျိုးမျိုးဖြင့် ကျွေးမွေးသည်။

“အခုတော့ အစားအသောက် ခွဲတမ်းတွေ နည်းလာပါတယ်။ ကြက်သားတုံးတွေ ငယ်လာပါတယ်။ ငါးတွေကို စားမကောင်းတဲ့၊ မလတ်ဆတ်တဲ့ မွေးမြူရေး ငါးတွေကိုပဲ ကျွေးပါတယ်”ဟု အကျဉ်းသား မိသားစု ဝင်တစ်ဦးက ထားဝယ်ထောင်တွင်း အခြေအနေကို ရှင်းပြသည်။

ယင်းအပြင် ယခင်က ညနေစာကြက်ဥ ကျွေးသည့် ရက်များတွင် တစ်နပ်လျှင် ကြက်ဥ သုံးလုံး ရရှိသော်လည်း ယခု အခါ ကြက်ဥ နှစ်လုံးသာ ရရှိတော့ကြောင်း အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။

ထားဝယ်ထောင်အတွင်း အကျဉ်းသား၊ အချုပ်သား ၁၁၀၀ ဝန်းကျင်ရှိပြီး နိုင်ငံရေး အကျဉ်းသား ၄၀၀ ဝန်းကျင် ပါဝင်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသား ကွန်ရက်က ထုတ်ပြန်ထားသည်။

မြန်မာ ကျပ်ငွေ တန်ဖိုး တစ်ရှိန်ထိုး ကျဆင်းမှုဒဏ်ကြောင့် စျေးကွက်အတွင်း အခြေခံ ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိသည်။

ထားဝယ်မြို့ပေါ်တွင် ဆန်ကြမ်းတစ်အိတ် ကျပ် ၅၀၀၀၀ ကျော်၊ စားအုန်းဆီ တစ်ပိဿာ ၉၀၀၀ ကျော်နှင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ အထိရောက်ရှိနေသည်။

လက်ရှိမြင့်မားလာသည့် ကုန်စျေးနှုန်းအရ အကျဉ်းသားတစ်ဦးအတွက် တစ်ရက်စားစရိတ် ၉၇၅ ကျပ်မှာအလွန်နည်းသည့် ပမာဏဖြစ်ပြီး ကုန်စျေးနှုန်း ဆက်လက်မြင့်တက်ဦးမည်ဖြစ်ရာ အကျဉ်းသားများ အဟာရပြည့်ဝစွာ စားသောက်နိုင်ရေး ခက်ခဲလာမည်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းလာနေပြီး အထွေထွေကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူများကြုံတွေ့နေကြရသည်။

ယင်းအပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းအများစု ရပ်ဆိုင်းသွားခြင်းတို့ကြောင့် အလုပ်အကိုင်ရှားပါးမှုများလည်း ကြုံတွေ့နေရသည်။