မြိတ်တွင် ကွမ်းသီးအနု ဈေးပြန်တက်

0
341

မြိတ်မြို့နယ်အတွင်းရှိ ကွမ်းသီးအနုဈေးကွက်တွင် ဩဂုတ်လ လလယ်ခန့်မှစပြီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ကျော်အထိ ဈေးပြန်တက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တစ်ပိဿာလျှင် ၃၄၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ပြီးနောက် ဈေးပြန်တက်လာခြင်း ဖြစ်သည်။

ဈေးနှုန်းမကျဆင်းမီကဆိုလျှင် ကွမ်းသီးအနုတစ်လုံးလျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၆၅ ကျပ်၊ တစ်ပိဿာ လျှင် ၆၀၀၀ ကျပ်ကျော်အထိ ရရှိခဲ့ကြောင်း ကွမ်းစိုက်တောင်သူအချို့က ပြောသည်။

“ဈေးကျတော့ ကောက်ရောင်းတာ သွားလာစရိတ်နဲ့ သိပ်မကျန်ဘူး။ ငါးထောင် ခြောက်ထောင်ရမှပဲ တစ်ခါ သွားရောင်းရင် ရှစ်သောင်းကျော်ကိုးသောင်းအထိရတာ” ဟု စန္ဒဝတ်ကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ကွမ်းသီးအနု ဈေးကောင်းချိန်တွင် ရောင်းချသူများလာပြီး ပိဿာချိန် ထောင်ဂဏန်းအထိ အဝင်များလားသဖြင့် ဈေးနှုန်းလျော့ကျသွားကြောင်း ကွမ်းသီးအနုအဝယ်ဒိုင်အချို့ထံမှ သိရသည်။

ကွမ်းသီးအနု အဝင်နည်းသည့်အချိန်တွင် ဈေးပြန်ကောင်းလာကြောင်း ၎င်းတို့က ဆိုသည်။

“တခါတလေကျရင် ရန်ကုန်ဘက်ကပေးတဲ့ ဈေးအပေါ်လည်း မူတည်သေးတယ်။ (ဈေး) ပေးများရင် ဈေးကောင်း ရတာပေါ့” ဟု ကလွင်ရပ်ရှိ ကွမ်းသီးအနု ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ကွမ်းသီးဈေးအပေါ်မူတည်ပြီး ချိန်ဆရောင်းဝယ်ရကြောင်း ဒေါရွာနေ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ကွမ်းသီးအနု ဈေးကောင်းမှပဲ ကောက်ရောင်းတာ။ ကျရင်တော့ မရောင်းဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကွမ်းသီးအနုတို့အား တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြပြီး တရုတ်နိုင်ငံက စားသောက်ကုန်အဖြစ် ပြန်လည်ထုတ်လုပ်ကြသည်။