မြိတ်တွင် အမျိုးသားနှစ်ဦး သေနတ်များနှင့်အတူ ဖမ်းဆီးခံရ

0
358
ဓါတ်ပုံ၊ပုလဲဇာနည် ပေ့ချ်

မြိတ်တွင် အမျိုးသားနှစ်ဦးကို ပစ္စတိုသေနတ်နှစ်လက်၊ ကျည်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

သြဂုတ်လ ၃၀ ရက် ည ၆ နာရီဝန်းကျင်က မြိတ်မြို့၊ကန်ခေါင်းရပ်ရှိ မြစံအိမ်တည်းခိုခန်းတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှာ လာရောက်ဖမ်းဆီးရာ လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ဒေသခံများ ကပြောသည်။

ဖမ်းဆီးခံရသူသည် ကျွန်းစုမြို့တွင်နေထိုင်သူ အသက် ၃၄ နှစ်ရှိ တင်ထွန်းဝင်း ဖြစ်ပြီး ၎င်းနှင့်အတူ ပစ္စတိုသေနတ် ၁ လက်နှင့်ကျည်များကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီတပ်နှင့်ဆက်နွယ်သည့် ပုလဲဇာနီ ပေ့ချ်စာမျက်နှာတွင် ဖော်ပြထားသည်။

သူကမလေးရှားမှာ နေတဲ့သူပါ ကျွန်းစုကို ပြန်ရောက်တာ လပိုင်းပဲ ရှိသေးတယ် “”ဟု ကျွန်းစုမြို့ဒေသခံ ကပြောသည်။

၎င်း၏ထွက်ဆိုချက်အရ မြိတ်တောင်ကျေးရွာအုပ်စုတွင်နေထိုင်သည့် အမျိုးသားတစ်ဦးလည်း လက်နက်နှင့်အတူ ထပ်မံအဖမ်းခံခဲရကြောင်း ပုလဲဇာနည်တွင် ဖော်ပြထားသည်။

ဒုတိယမြောက် အဖမ်းခံရသူသည် မြိတ်တောင်ကျေးရွာအုပ်စု၊တရုတ်တန်းရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ မင်းငယ်(ခ)သက်ခိုင်ဆိုသူ ဖြစ်ပြီး ၎င်းနှင့်အတူ ပစ္စတိုသေနတ် ၁ လက်၊ကျည်နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံရမိခဲ့သည်ဟု ရေးသားထားသည်။

“ကျွန်တော်တို့လည်း အဖမ်းခံရတဲ့ဖြစ်စဉ်ပဲသိတယ် ကျန်တာကတော့ အသေးစိတ်မသိရဘူး”ဟု မြိတ်ဒေသခံ အမျိုးသား ကပြောသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ PDF (ပြည်သူ့ကာကွယ်ရေးတပ်) များဖြစ်သည်ဟု ပုလဲဇာနည်ပေ့ချ်က ရေးသားထားသည်။

သို့သော် ယင်းအမျိုးသားနှစ်ဦးနှင့် ပတ်သက်၍ တော်လှန်ရေးအဖွဲ့အစည်းများက သြဂုတ်လ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီအထိတစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။