သထုံတွင် ငါးရက်ကြာပျောက်နေသည့်အမျိုးသမီးငယ်၏ ရုပ်အလောင်းပြန်တွေ့

0
446

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်တက်လမ်းတွင် အသတ်ခံထားရသည့် အသက် ၂ဝအရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းတွင် တောထဲသွားသူတစ်ဦးက ပုတ်ပွနေသည့်အလောင်းတစ်ခုတွေ့ရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များထံမှ သိရသည်။

အဆိုပါအမျိုးသမီးသည် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၂၀ အရွယ် မမေသင်္ကြန်ဦးဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ ငါးရက်ခန့်ရှိနေပြီဟု သိရကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

အလောင်းတွေ့ရှိချိန်တွင် ပုတ်ပွနေပြီး ပေါင်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိထားကာ ဝတ်လစ်စလစ် အနေအထားဖြင့် တွေ့ရှိရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“တွေ့တဲ့အချိန်မှာ အလောင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာတစ်ချက်တွေ့တယ်” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

သထုံမြို့ မြသပိတ်တောင်တွင် သမီးရည်းစားစုံတွဲများ သွားရောက်တတ်သည့်နေရာဖြစ်ပြီး လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။