မြန်မာငွေတန်ဖိုးကျ၊ ဘတ်-ကျပ်လဲနှုန်း စျေးအပြောင်းအလဲများနေ

0
1872

မြန်မာနိုင်ငံရေး အခြေအနေနှင့် မူဝါဒအပြောင်းအလဲများကြောင့် မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ကျပ်နှင့်ဘတ် ငွေလဲနှုန်းမှာလည်း အပြောင်းအလဲ အတက်အကျများနေကြောင်း ငွေလဲလုပ်ငန်းများထံမှသိရသည်။

ယနေ့ မြန်မာငွေကျပ်တစ်သိန်းကို ထိုင်းဘတ်ငွေ အများဆုံး ၁၆၈၀ ကျပ်အထိပေါက်ခဲ့ပြီး ဘတ် ၁၆၀၀ အထိပြန်ကျလိုက်တက်လိုက်ဖြင့် တစ်ရက်အတွင်း ငွေလဲနှုန်းပေါက်စျေး ၁၀ ကြိမ်ကျော်ကျော် အပြောင်းအလဲရှိခဲ့ကြောင်း မြန်မာငွေလွှဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ယနေ့ မနက်ပိုင်းထိုင်းဘတ်ငွေဈေးနှုန်းမှာ ဘတ်ပေး ကျပ်ယူအဖြစ် မြန်မာငွေတစ်သိန်းလျှင် Kpay ဖြင့် ၁၆၅၀ ဘတ်၊ Wavepay ဖြင့် ၁၆၇၀ ဘတ်နှင့် အိမ်ထုတ်သမားများအနေဖြင့် ဘတ် ၁၆၃၀ ဈေးရှိခဲ့ရာ ညနေပိုင်းတွင် အကုန်လုံး ၁၆၀၀ ဘတ်ဈေး ဖြစ်သွားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သော ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်ဈေးနှုန်းများအရ မြန်မာငွေ ကျပ်တစ်သိန်းလျှင် ဘတ် ၁၇၀၀ ဝန်းကျင်ခန့်ရှိခဲ့ရာမှ ယခုအချိန်တွင် ဘတ် ၁၆၀၀ ဈေးသာကျန်တော့သည်။

“ဘတ်ကျပ်ငွေလဲဈေးနှုန်းက တစ်နာရီတစ်မျိုးပြောင်းနေတာပဲ၊ ဒီရက်ပိုင်းက ဈေးနှုန်းတွေက လှုပ်လှုပ်ရှားရှားဖြစ်နေတယ်” ဟုထိုင်း-မြန်မာငွေလွှဲဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ကဆိုသည်။

ယင်းသို့ငွေလဲနှုန်း အပြောင်းအလဲများနေခြင်းမှာ ၃ ရက်ခန့်ရှိပြီဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းနေသဖြင့် နောက်ရက်များတွင်လည်း ယင်းသို့ဖြစ်ဖွယ်ရှိနေသည်။

သို့သော်လည်း မြန်မာကျပ်ငွေမှ ထိုင်းဘတ်ငွေသို့ ပြောင်းရာတွင် ယနေ့ဈေးနှုန်းအနေဖြင့် ၁ ဘတ်လျှင် ၆၃ ဒသမ ၅ ကျပ်နှုန်းရှိနေပြီး မြန်မာငွေတစ်သိန်းလျှင် ဘတ်ငွေ ၁၅၇၀ ရှိခဲ့ကြောင်း၊ ယမန်နေ့ဈေးနှုန်းမှာ ၁ ဘတ်လျှင် ၆၅ ကျပ်နှင့် ကျပ်တစ်သိန်းလျှင် ဘတ် ၁၅၄၀ ရှိခဲ့ကြောင်း KL Money Transfer မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါမြန်မာငွေဈေးကျဆင်းလာမှုကြောင့် ထိုင်းနိုင်ငံ၏ လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်နှင့် အလှကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနေသူတချို့မှာ အခက်အခဲ ကြုံတွေ့နေရကြောင်း Online Shop ရောင်းချနေသူများကဆိုသည်။

“ကျွန်တော်တို့ Order ကောက်ထားတာက လွန်ခဲ့တဲ့နှစ်ပတ်တုန်းကဆိုတော့ ဘတ်ဈေးကိုအဲတုန်းက ဈေးနဲ့ပဲ့တွက်ထားတာ၊ အခုဈေးနဲ့က ကျွန်တော်တို့ Cancel (အမှာဖျက်)လိုက်တာမျိုး အကျိုးအကြောင်းပြောပြီး ထပ်တိုးတောင်းလိုက်ရတာမျိုးရှိတယ်” လို့ ဘန်ကောက်မြို့မှ Online Shop လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

ထိုင်းဘတ်/ကျပ်ငွေလွှဲ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် လက်ရှိတွင် ပစ္စည်းအသစ်မှာယူမှု ခဏရပ်နားထားကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြိတ်အပါအဝင် ကော့သောင်း၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများတွင် ဘတ်ငွေနှင့်ကျပ်ငွေ၊ ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေမှု တိုးချဲ့ရန်လုပ်ဆောင်နေပြီး မြိတ်နယ်စပ်ဒေသတွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ငွေပေးချေရေးစနစ် အကောင်အထည်ဖော်ဆောင်ရန် ပုဂ္ဂလိကဘဏ် ၆ ဘဏ်ကို ခွင့်ပြုပေးထားကြောင်း Bloomberg Myanmar ကရေးသားဖော်ပြသည်။