သီရိလင်္ကာပြဿနာဟာ တခြားအာရှနိုင်ငံတွေအတွက် သတိပေးခေါင်းလောင်းထိုးသံပါ

0
601

သီရိလင်္ကာနိုင်ငံဟာ မကြုံစဖူး နက်ရှိုင်းလှတဲ့ စီးပွါးရေး အကျပ်အတည်းထဲကို ရောက်သွားခဲ့ပြီး ဆန္ဒပြပွဲကြီးတွေ ဖြစ်လာခဲ့ပြီးတော့ သမ္မတလည်း နုတ်ထွက် တိုင်းပြည်က ထွက်ပြေးသွားရပါပြီ။ ဒါပေမဲ့ တခြားနိုင်ငံတွေလည်း အလားတူ ပြဿနာတွေ ကြုံရနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲက ပြောကြားပါတယ်။

“ကြွေးမြီမြင့်မားနေပြီးတော့ မူဝါဒဆောင်ရွက်မှုဆိုင်ရာ အကန့်အသတ်တွေ ရှိနေတဲ့ နိုင်ငံတွေဟာ ထပ်ဆောင်း ဝန်ထုပ်ဝန်ပိုးတွေကို ကြုံရနိုင်ပါတယ်။ သီရိလင်္ကာဟာ သတိပေး အချက်ပြမှုပါပဲ” လို့ IMF ရဲ့ စီမံမှုဒါရိုက်တာ ခရစ္စတယ်လီနာ ဂျီယိုဂျီဗာ က ပြောကြားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၄ လဆက်တိုက် ရင်းနှီးမြှုပ်နှံမှုတွေ ပြည်ပကို ပြန်လည်ထွက်ခွါမှုတွေ ကြုံခဲ့ရပြီးတော့ တိုးတက်တဲ့ စီးပွါးရေးနိုင်ငံတွေ ဖြစ်ဖို့ မျှော်မှန်းမှုက မသေချာ မရေရာမှုတွေ ရှိနေပါတယ်။

သီရိလင်္ကာဟာ အဓိက သွင်းကုန်တွေဖြစ်တဲ့ စားနပ်ရိက္ခာ၊ လောင်စာဆီ နဲ့ ဆေးဝါးတွေကို ၂၂ သန်းသော ပြည်သူတွေအတွက် ပေးချေနိုင်ဖို့ ရုန်းကန်နေရပြီး နိုင်ငံခြားငွေလဲလှယ်နူန်း အကျပ်အတည်းနဲ့လည်း တိုက်ပွဲဆင် နေရပါတယ်။ ငွေကြေးဖောင်းပွနူန်းဟာ ၅၀ ရာခိုင်နူန်းတက်သွားပြီးတော့ စားနပ်ရိက္ခာဈေးတွေ ကလည်း တစ်နှစ်ကျော်အတွင်း ၈၀ ရာခိုင်နူန်းတက်သွားခဲ့ပါတယ်။ ဒေါ်လာဈေး၊ တခြား ငွေမာ ဈေးတွေ နဲ့ယှဉ်ရင် သီရိလင်္ကာ ရူပီးဈေးက ထိုးကျသွားပါတယ်။

စီးပွါးရေးကို ဆိုးဝါးလှတဲ့ မူဝါဒတွေနဲ့ ကိုင်တွယ်ခဲ့ပြီး သက်ရောက်မှုဟာ ကပ်ရောဂါကြောင့် ပိုကြီးသွားခဲ့တာမို့ သမ္မတဟောင်း ဂိုတာဘယရာဂျာပက်စ ကို ပြစ်တင်နေပါတယ်။ ဒီနှစ်တွေအတွင်းမှာ သီရိလင်္ကာဟာ ကြွေးတွေ အများကြီး တင်သွားပါတယ်။ ဒီနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ပြည်ပကြွေးမြီ လုံးဝပြန်မဆပ်နိုင်တဲ့ ပထမဆုံး အာရှပစိဖိတ် နိုင်ငံ ဖြစ်သွားခဲ့ပါတယ်။

အစိုးရအရာရှိများကတော့ ကုစားချေးငွေ အမေရိကန်ဒေါ်လာ ၃ဘီလီယံ ရရှိဖို့ IMF နဲ့ ညှိနိူင်းနေပါတယ်။ ဒါပေမဲ့ ဒီ ဆွေးနွေးပွဲတွေဟာ နိုင်ငံရေး အကျပ်အတည်းတွေ ကြားမှာ ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။

ဒါပေမဲ့ ကမ္ဘာ့စီးပွါးရေး ဥတုမှာလည်း ငွေကြေးဖောင်းပွ၊ အတိုးနူန်းမြင့်တက်မှု၊ ငွေတန်ဖိုးကျမှု၊ ကြွေးမြီမြင့်တက်ပြီး နိုင်ငံရပ်ခြားအရန်ငွေကြေး ကျဆင်းမှု စတဲ့အဖြစ်အပျက်တွေက ဒေသတွင်း စီးပွါးရေးအသိုက်အမြုံများကို သက်ရောက်လျက် ရှိပါတယ်။

ဒီလိုဖွံ့ဖြိုးဆဲတိုင်းပြည်တွေအဖို့ တရုတ်က မြီရှင်ဖြစ်တဲ့ အားလျော်စွာ သူတို့ရဲ့ ကံကြမ္မာကို အရေးကြီးတဲ့ နေရာကနေ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ဘေဂျင်းအစိုးရရဲ့ ချေးငွေအခြေအနေက ဘယ်လိုရှိမလဲ၊ ကြွေးမြီတွေကို ဘယ်လို ပုံစံပြန်လည်နေရာချမယ်ဆိုတာတွေက မရှင်းလင်းသေးပါဘူး။

တရုတ်ရဲ့ စီးပွါးရေး ထိခိုက်မှု အခြေအနေ အမှားအယွင်းက  စီးပွါးရေးအရ ပြန်လည်အကျိုးအမြတ် မထွက်တဲ့ ဈေးကြီးတဲ့ အခြေခံအဆောက်အဦစီမံကိန်းကြီးတွေကို ဆက်လုပ်ဖို့ တွန်းအားပေးနေတာပဲလို့ International Crisis Group က အလန်ကီနန်းက ပြောကြားပါတယ်။

“နောက်ထပ် အရေးကြီးတဲ့အချက်က အာဏာရယူထားခဲ့တဲ့ ရာဂျာပတ်စာ မိသားစု နဲ့ မူဝါဒတွေကို နိုင်ငံရေးအရ တက်တက်ကြွကြွကြီး ထောက်ခံပေးနေတာ ဖြစ်ပါတယ်။ ယခုလို နိုင်ငံအရေးအရ မအောင်မြင်မှုတွေဟာ သီရိလင်္ကာ စီးပွါးရေး ပြိုကျမှုရဲ့ အဓိက အခန်းမှာ ရှိပါတယ်။ အခြေခံဥပဒေ ပြောင်းလဲခြင်း၊ ဒီမိုကရေစီ ပိုကျတဲ့ နိုင်ငံရေး ယဉ်ကျေးမှု စ တာတွေနဲ့ မကုစားရင် သီရိလင်္ကာဟာ လက်ရှိ နိုင်ငံရေး အိပ်မက်ဆိုးကြီးကနေ လွတ်ဖို့ မလွယ်ပါဘူး” လို့ သူက ဆိုပါတယ်။ စိတ်ပူပန်ဖို့ ကောင်းတာက တခြားတိုင်းပြည်တွေကလည်း ဒီအခြေအနေ နောက်ကို လိုက်လာနေတာပဲ ဖြစ်ပါတယ်။

လာအို

လူဦးရေ ၇ဒသမ၅သန်းရှိတဲ့ အရှေ့တောင်အာရှ ကုန်းတွင်းပိတ် နိုင်ငံဟာ နိုင်ငံခြား ချေးငွေ ပြန်မဆပ်နိုင်တော့မယ့် အန္တရာယ်နဲ့ လပေါင်းများစွာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ခုတော့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်က လောင်စာဆီ ပို့ဆောင်ရေး လမ်းကြောင်းတွေ ထိခိုက်တာမို့ ရေနံဈေးတက်တာ ဟာ တိုင်းပြည်အနှံ့ စားသောက်ကုန်ဈေးနူန်းတွေ တက်လာစေပြီး တိုင်းပြည်ရဲ့ လေးပုံ သုံးပုံဟာ ဆင်းရဲနွမ်းပါးမှု အခြေအနေကို ရောက်နေပါတယ်။

လောင်စာဆီရဖို့အတွက် လူတန်းရှည်ကြီးနဲ့ စောင့်ဆိုင်းနေရတာတွေ၊ တချို့ အိမ်ထောင်စုတွေမှာ ရေဖိုးမီးဖိုး မဆောင်နိုင်တော့တာတွေ ကို ပြည်တွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။ လာအိုငွေကြေး ကစ် ရဲ့ တန်ဖိုးဟာ ထိုးကျနေပြီး ယခုနှစ်အတွင်းမှာ သုံးဆကျသွားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ အတိုးနူန်းမြင့်မားမှုဟာ ဒေါ်လာဈေးကို ပိုမာစေပြီး ဒေသတွင်း ငွေကြေးတွေကို အားနည်း စေတာမို့ ဒေသတွင်းနိုင်ငံတွေရဲ့ ကြွေးမြီဝန်ထုပ်ကို ပိုကြီးစေပြီး သွင်းကုန်အတွက်လည်း ကုန်ကျစရိတ် တက်လာပါတယ်။

လာအို ဟာ နဂိုကတည်းက ကြွေးမြီထူပြောခဲ့ပြီး ကြွေးပြန်ဆပ်နိုင်ဖို့ သွင်းကုန်အတွက် ငွေချေဖို့ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက လာအိုရဲ့ နိုင်ငံခြားအရန်ငွေဟာ အမေရိကန်ဒေါ်လာ ၁ဒသမ၃ ဘီလီယံ ရှိပါတယ်။

၂၀၂၅အထိ နှစ်စဉ် ပေးချေရမယ့် ကြွေးမြီပမာဏဟာ အရန်ငွေနဲ့ အတူတူလောက် ဖြစ်နေပြီးတော့ တိုင်းပြည်ဝင်ငွေရဲ့ ထက်ဝက်လောက် ရှိနေပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အဆင့်သတ်မှတ်ချက်မှာ ကွန်မြူနစ်အစိုးရ အုပ်ချုပ်တဲ့ လာအိုဟာ အတော်လေး အောက်နားရောက်ခဲ့ပြီး ကြွေးမြီ ပြဿနာက အမြင့်ဆုံး ဖြစ်ပါတယ်။

ကြီးမားတဲ့ စီမံကိန်းကြီးတွေဖြစ်တဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ရထားလမ်းတွေအတွက် တရုတ်က လာအိုကို ချေးငွေပမာဏ အများကြီး ပေးထားခဲ့ပါတယ်။ လာအို အရာရှိတွေက တရုတ် အစိုးရမီဒီယာ ဆင်ဟွာ ကို ပြောဆိုခဲ့မှုအရ စီမံကိန်း ၈၁၃ ခုကို လုပ်ဆောင်နေပြီးတော့ ပြီးခဲ့တဲ့ နှစ်အတွင်းမှာပဲ ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ရှိခဲ့ပါသတဲ့။

လာအိုရဲ့ အစိုးရ ကြွေးမြီဟာ ၂၀၂၁ GDP ရဲ့ ၈၈ ရာခိုင်နူန်း ရှိတယ်လို့ World Bank က ပြောထားပြီး ထက်ဝက်လောက်က တရုတ်ကို ပေးရမှာပါ။ ၁၉၇၅ ခုနှစ်ကနေ ယနေ့အထိ အာဏာရထားတဲ့ လာအိုပြည်သူ့တော်လှန်ရေးပါတီ အစိုးရရဲ့ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု အလွဲများကြောင့်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ တရုတ်နဲ့ ကုန်သွယ်မှုမြှင့်တင်ပြီး ရေအားလျှပ်စစ် တင်ပို့ရောင်းချမှုက ဖွံ့ဖြိုးမှုတစ်ရပ် အဖြစ် Moody Analytics က ထောက်ပြထားပါတယ်။

“လာအိုဟာ အန္တရာယ်ရှိတဲ့ ဇုန်ထဲကနေ ထွက်ဖို့ ၊ အားသစ်လောင်း ချေးငွေရရှိဖို့ အခွင့်အလမ်းတွေတော့ ရှိနေပါတယ်” လို့ စီးပွါးရေး ပညာရှင် ဟီရွန်လင် က ပြောကြားပါတယ်။

ပါကစ္စတန်

အစိုးရက လောင်စာဆီဈေးနူန်းကို ထောက်ပံ့ပေးနေမှုကို ဖယ်ရှားလိုက်ပြီးတဲ့နောက် မေလ အကုန်က စ ပြီး ပါကစ္စတန်မှာ လောင်စာဆီဈေးက (၉၀) ရာခိုင်နူန်း မြင့်တက်လာပါတယ်။ စီးပွါးရေး အားသစ်လောင်း ချေးငွေ ပြန်လည်ရရှိဖို့ IMF နဲ့ ညှိနိူင်းနေချိန်မှာ အလားတူ အသုံးစရိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပါကစ္စတန်စီးပွါးရေးဟာ ကုန်ဈေးနူန်းတက်လာတာနဲ့အတူ ရုန်းကန်နေရပါတယ်။ ဇွန်လမှာ နှစ်စဉ် ငွေကြေးဖောင်းပွမှု နူန်းက ၂၁ဒသမ၃ ရာခိုင်နူန်း တက်ခဲ့ပြီး ၁၃နှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ သီရိလင်္ကာနဲ့ လာအို တို့လိုပဲ ပါကစ္စတန်ဟာလည်း နိုင်ငံခြားအရန်ငွေ နည်းပါးလာခြင်းနဲ့ ကြုံနေရပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ အခြေအနေနဲ့ နိူင်းယှဉ်ရင် ယခုအခြေအနေဟာ တစ်ဝက်လောက်ပဲ ရှိပါသတဲ့။

IMF ရဲ့ အဓိက တောင်းဆိုချက် တစ်ခုဖြစ်တဲ့ အစိုးရ ဝင်ငွေနဲ့ အသုံးစရိတ်ကြား ကွာဟချက်ကို လျှော့ချနိုင်ဖို့ အတွက် ပါကစ္စတန်ဟာ အမေရိကန်ဒေါ်လာ ၁ဒသမ၉၃ ဘီလီယံ ရရှိဖို့ရာ စက်မှုလုပ်ငန်းကြီးတွေကို ၁၀ရာခိုင်နူန်း အခွန်တိုးကောက် ခဲ့ပါတယ်။

“အထက်ပါ ရန်ပုံငွေ ရရှိနိုင်မယ်ဆိုရင် တခြား ဘဏ္ဍာရေး ဦးဆောင်သူတွေဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား နဲ့ ယူအေအီး တို့ဆီက ချေးငွေ သက်တမ်းတိုးပေးတာတွေ ရရှိ နိုင်ပါတယ်” လို့ ဘဏ္ဍာရေး သုံးသပ်သူ အန်ဒရူးဝုဒ် က ပြောကြားပါတယ်။

အရင်ဝန်ကြီးချုပ်ဟောင် အင်ရန်ခန်း က စီးပွါးရေး ပြဿနာတွေကို ဖြေရှင်းမယ်လို့ ပြောဆိုထားပေမယ့် ရာထူးက ထွက်သွားရပြီး စီးပွါးရေးအခြေအနေတစ်ခုတည်းက အကြောင်းပြချက်တော့ မဟုတ်ပါဘူး။ တိုင်းပြည် တွင်း သွင်းကုန် ထွက်ငွေ လျှော့ချနိုင်ဖို့ ပြည်သူတွေ လက်ဘက်ရည် လျှော့သောက်ကြပါလို့ ပါကစ္စတန် အစိုးရ ထိပ်တန်းအရာရှိ တစ်ယောက်က ပြောကြားထားပါတယ်။

ဒီနေရာမှာလည်း တရုတ်က အခန်းကဏ္ဍ ကြီးကြီးကနေ ပါဝင်ပါတယ်။ ပါကစ္စတန်ရဲ့ နိုင်ငံခြားကြွေးမြီ သုံးပုံ တစ်ပုံက တရုတ်ကို ပေးစရာ ရှိတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ တရုတ်ရဲ့ စီးပွါးရေး ချေးငွေကို သက်တမ်းတိုး ရယူထားခဲ့ပြီး ဒါနဲ့ နိုင်ငံခြားအရန်ငွေထဲ ထည့်သွင်းထားတာ ဖြစ်ပြီး ယခုနှစ် လာမယ့် နှစ်ဝက်မှာလည်း တရုတ်ကို ချဉ်းကပ်ရဦးမယ်လို့ အန်ဒရူးဝုဒ်က သုံးသပ်ပါတယ်။

မော်ဒိုက်

မော်ဒိုက်ဟာ လာမယ့်နှစ်တွေအတွင်း အစိုးရချေးငွေ မြင့်တက်လာပြီး ခုဆိုရင် GDP ကိုတောင် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ သီရိလင်္ကာကြုံရသလိုပါပဲ။ ခရီးသွားလုပ်ငန်းကို မှီခိုထားတဲ့ စီးပွါးရေးဟာ ကပ်ရောဂါဘေးကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းအပေါ် မှီခိုရသော နိုင်ငံများသည် မြင့်မားသော အစိုးရ ချေးငွေ နူန်း ရှိလင့်ကစား၊ မော်ဒိုက်ကျွန်းနိုင်ငံသည် စီးပွါးရေးပေါင်းစုံ မရှိသောကြောင့် လောင်စာဆီဈေးနူန်း တက်မှုဒဏ် ကို ခံနိုင်ရည် နည်းသည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

၂၀၂၃ ခုနှစ်တွင် မော်ဒိုက်သည် ချေးငွေ ပြန်လည် မပေးဆပ်နိုင်မှု default ဒေဝါလီ ပြဿနာ ကြုံရနိုင်သည်ဟု အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ် JPMorgan က ပြောကြားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ် ရဲ့ ငွေကြေးဖောင်းပွမှုနူန်းဟာ ၇ဒသမ၄၂ ရာခိုင်နူန်းအထိ ရှိသွားပြီး ၈နှစ်အတွင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ နိုင်ငံခြားအရန်ငွေ ကျဆင်းတာမို့ အစိုးရက မလိုအပ်တဲ့ သွင်းကုန်တွေကို တားဆီးထားပြီး သန်းပေါင်းများစွာသော ပြည်ပရောက် အလုပ်သမားများရဲ့ ပြန်ပို့ငွေကို ဆွဲဆောင်တဲ့အနေနဲ့ စည်းမျဉ်းတွေကို လျှော့ချထားပါတယ်။ အစိုးရအရာရှိတွေရဲ့ ပြည်ပခရီးစဉ်တွေကိုလည်း လျှော့ချထားပါတယ်။

“လက်ရှိလိုငွေပြနေတဲ့ စီးပွါးရေး နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ တို့မှာ အစိုးရက ငွေးကြေး မ တည်ပေးမှုတွေရဲ့ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ရှိနေပါတယ်။ ပါကစ္စတန် နဲ့ သီရိလင်္ကာတို့ဟာ IMF နဲ့ အခြားအစိုးရတွေရဲ့ အကူအညီကို ရရှိဖို့ ဆောင်ရွက်နေပါတယ်” ဟု စီးပွါးရေး သုံးသပ်သူ ကင်အွန်တန် က BBC ကို ပြောကြားပါတယ်။

“ဘင်္ဂလားဒေ့ရှ်ကတော့ အစိုးရရဲ့ အသုံးစရိတ်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်နေပြီး သွင်းကုန် ကန့်သတ်မှုတွေ ဆောင်ရွက်နေပါတယ်” လို့ သူက ပြောပါတယ်။

စားသောက်ကုန်နဲ့ စွမ်းအင်ဈေးနူန်းတွေဟာ ကပ်ရောဂါဘေး ထိထားတဲ့ ကမ္ဘာ့စီးပွါးရေးကို ခြိမ်းခြောက် နေပါတယ်။ ယခုဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ နှစ်ပေါင်းများစွာ ငွေချေးချင်တိုင်း ချေးခဲ့ရာမှာ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကာလတွေမှာ ခံနိုင်ရည် နည်းနေခဲ့ပါတယ်။