မြန်မာပြည်သူ ၂၂ သန်းခန့် ဆင်းရဲနွမ်းပါးမှု ကြုံနေရဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

0
568

မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း (သန်း ၂၂ သန်းကျော်) သည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကမ္ဘာဘဏ်၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်အစိုးရကာလ လွန်ခဲ့သည့် ဆယ်စုနှစ်က ဆင်းရဲနွမ်းပါးမှုအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။ ၂၀၂၀ မတ်လတွင် ရှိခဲ့သည့် ဆင်းရဲမွဲတေမှု နှုန်းထက် နှစ်ဆမြင့်တက်လာခြင်း ဖြစ်သည်ဟုလည်း ဖော်ပြသည်။

ပြည်သူ့အင်အားဦးစီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေမှာ ၅၅ သန်းကျော်ရှိသဖြင့် ၄၀ ရာခိုင်နှုန်းမှာ ၂၂ သန်းကျော်ရှိသည်။

လူတစ်ဦးတစ်ရက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဒေါ်လာမရလျှင် ဆင်းရဲနွမ်းပါးသူဟု ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည်။

ကိုဗစ်ရောဂါနှင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်များသည် အနည်းဆုံး ဆယ်စုနှစ် တစ်ခုနီးပါး ကြိုးပမ်းခဲ့သည့် ဆင်းရဲမှုလျှော့ချရေး အားထုတ်မှုများကို ဖျက်ဆီးလိုက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

အာဏာသိမ်းမှုမတိုင်ခင်ကပင် ဆင်ရဲနွမ်းပါးသူများမှာ ယခုကာလတွင် ပိုမိုဆိုးရွားသည့် အခြေအနေသို့ ကျရောက်ကာ မညီမျှမှုများ ပိုမိုဆိုးရွားလာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အိမ်ထောင်စုစစ်တမ်း အချက်အလက်များအရ အာဏာသိမ်းကာလ ၁၈ လတာအတွင်း အလုပ်သမားများ ဝန်ဆောင်မှုကဏ္ဍမှ ထွက်၍ စိုက်ပျိုးရေးကဏ္ဍသို့ ပြန်လည်ဝင်ရောက်သွားပြီး အလုပ်အကိုင်ဆုံးရှုံးမှုကြောင့် မြို့ပြမှ ကျေးလက်သို့ ပြောင်းရွှေ့နေကြရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ဝင်ငွေကျဆင်းမှု၊ စားသောက်ကုန်နှင့် လောင်စာဆီဈေး မြင့်တက်မှု စသည်တို့ကြောင့် စားနပ်ရိက္ခာ မပြည့်စုံမှု အန္တရာယ်မြင့်မားစေမည်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အိမ်ထောင်စု ဝင်ငွေ လျော့နည်းလာခြင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ခုသာခံသာစေမည့် နည်းလမ်းများ နည်းလာခြင်း၊ ပြည်တွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပိုမိုဆင်းရဲလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောသည်။

ယင်းအခြေအနေများသည် မြန်မာပြည်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို စမ်းသပ်လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံဟာ မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျုံ့မှုကို ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်မှာလည်း စီးပွားရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်ရှိနေတဲ့အတွက် တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် စီးပွားရေး ပြန်လည် နာလန်ထူမှုမှာ များစွာ နောက်ကျနေတာကို လေ့လာတွေ့ရှိရတယ်” ဟု ကိုယ်စားလှယ်က ပြောဆိုသည်။

ငွေကြေးဖောင်းပွမှုနှုန်း ထိုးတက်သွားခြင်းက စီးပွားရေးလုပ်ငန်း အားလုံးကို ထိခိုက်စေပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြီးခဲ့သည် မတ်လတွင်ပင် ၁၇ ဒသမ ၃ ရာခိုင်နှုန်း ကျော်ရှိနေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

နိုင်ငံအနှံ့တွင် ပဋိပက္ခများ ပြန့်နှံ့ကြီးထွားလာခြင်းကလည်း ကုန်ထုတ်လုပ်ငန်းကို အတားအဆီးဖြစ်စေပြီး ကိုဗစ်မတိုင်ခင် စီးပွားရေးအခြေအနေသို့ ပြန်ရောက်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ ဒေသတွင်း အခြားနိုင်ငံများမှာမူ ကိုဗစ်မတိုင်ခင် အခြေအနေထက် ကျော်လွန်ရောက်ရှိနေကြပြီ သို့မဟုတ် ၂၀၂၃တွင် ပြန်လည်ရောက်ရှိတော့မည်ဟုလည်း ဖော်ပြသည်။

ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်လိုက်ခြင်းကြောင့် တိုးတက်မှု နှောင့်နှေးစေပြီး မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ဆိုးရွားစေကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ နိုင်ငံခြားငွေကြေး လဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များမှာ ပို့ကုန်၊သွင်းကုန် သမားများအတွက် အခက်အခဲကြီးကြီးမားမား ဖြစ်ပေါ်စေပြီး ပို့ကုန်/သွင်းကုန် လုပ်ငန်းအများစုမှာ လုပ်ငန်းရပ်နားထားရသည်။

ယင်းပုံစံအတိုင်း ဆက်သွားနေလျှင် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချမှု အားနည်းကာ မြန်မာ့စီးပွားရေးကို ဆက်လက် ထိခိုက်စေမည်ဟုလည်း သတိပေးထားသည်။