ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားသုံးဦး ဆေးကုသခွင့်ရနေဟုဆို

0
660

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားသုံးဦး ဆေးကုသခွင့်ရရှိနေကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ထံက သိရသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်က နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး၊ မြို့တွင်းရပ်ကွက်က မစုလှိုင်နွေးနှင့် တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာက မခင်ကေခိုင်တို့ ဆေးဝါးကုသခွင့်ရရှိနေပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အသက် ၂၁ နှစ်ခန့်ရှိ ကိုဝေယံဖြိုးကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်က ကြက်စားပြင်ရပ်ကွက်၊ စောမိညိုလယ်ကွင်းစပ်တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် လက်မောင်းတွင် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်မောင်းအရိုး ကြေသွားခဲ့ခြင်းဖြစ်သည်။

ကိုဝေယံဖြိုး၏လက်မောင်းမှာ ထားဝယ်တွင်ကုသ၍ မရသဖြင့် ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ခန့်က ရန်ကုန်အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခွင့်ရခဲ့ပြီး ဧပြီလ ၂၀ ရက်ခန့်တွင် အင်းစိန်ဆေးရုံ၌ တက်ရောက်ကာ ခွဲစိတ်ကုသခွင့်ရကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အင်းစိန်ဆေးရုံတွင် နှစ်လခန့်ကြာပြီးနောက် ဇွန်လ ၂၈ ရက်နေ့တွင် ဝေယံဖြိုး၏ လက်မောင်းကို အရိုးအစားထိုးကာ ခွဲစိတ်ကုသထားရကြောင်း မိသားစုဝင်က ဆိုသည်။

“သူ့အတွက် ဝမ်းသာတယ်ပေါ့နော်။ တကယ်လို့ မကုသပေးဘဲထားရင် လက်လည်း ဆုံးရှုံးနိုင်တယ်လေ။ သက်သာ လာတယ်ဆို ပြောမရသေးဘူးပေါ့။ အခု ပြည်က ထပ်လိုက်လာတယ်” ဟု မိသားစုဝင်က ပြောဆိုသည်။

ထို့ကြောင့် ယနေ့ (ဇူလိုင် ၁၅) တွင် ထပ်မံခွဲစိတ်ရမည်ဖြစ်ပြီး လက်မောင်းအခြေအနေမှာ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုဝေယံဖြိုး၏ လက်မောင်းမှာ အကြောများသေနေပြီး လက်ရှိအရိုးအစားထိုးကုသမှုပြီးစီးပါက လက်မောင်းလှုပ်ရှားမှု ပြန်ရရန်အတွက် အကြောကို ထပ်မံခွဲစိတ်ကုသရဦးမည်ဖြစ်ကြောင်း သမားတော်၏ပြောကြားချက်ကို အထက်ပါ မိသားစုဝင်က ပြန်လည်ပြောပြသည်။

အသက် ၂၆ နှစ်ခန့်ရှိ မစုလှိုင်နွေးမှာ သားအိမ်တွင်အလုံးတည်နေသည့် ရောဂါအခံရှိပြီး ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်က ထားဝယ်မြို့ Micky စားသောက်ဆိုင်တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

မစုလှိုင်နွေးမှာ ထားဝယ်မြို့၊ မြို့တွင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အဖမ်းခံရပြီးနောက် ကိုဝေယံဖြိုးကဲ့သို့ပင် ၉ လနီးပါးကြာသည်အထိ ထားဝယ်အကျဉ်းထောင်တွင် ထိရောက်သည့် ဆေးကုသခွင့်မရခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယခု ၂၀၂၂ ခုနှစ် မတ်လဆန်းမှ စတင်ကာ ထားဝယ်ဆေးရုံတွင် သမားတော်နှင့် ပြသခွင့်ရပြီး လက်ရှိအချိန်ထိ ထောင်တွင်း ဆေးဝါးကုသမှု ဆက်လက်ခံယူနေကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ယင်းသို့ ဆေးကုသခွင့်ပေးသည့်အပေါ် များစွာဝမ်းမြောက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ဝမ်းသာတယ်။ ကိုယ့်သမီးကို ဆေးကုသခွင့်ပေးတယ်ဆိုတော့လေ။ ပြီးတော့ ဆေးလည်း ပုံမှန်ပေးသောက်နေတာပဲ ဆိုတော့” ဟု မစုလှိုင်နွေး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

အသက် ၃၄ နှစ်ခန့်ရှိ မခင်ကေခိုင်မှာ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၃၀ ရက်က တောင်ပျောက်တိုက်နယ် ဝင်းကဖော်ကျေးရွာ နေအိမ်ခြံဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ပြီး မိသားစုက ဆေးရုံကိုပို့ဆောင်ကုသစဉ် ဆေးရုံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းမှာ မတ်လ ဆန်းပိုင်းတွင် ထားဝယ်တွင် ဆေးရုံတက်ရောက်ကာ ကုသခွင့်ရရှိခဲ့ကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးနှင့် ၎င်းနှင့်နီးစပ်သည့် နိုင်ငံရေးအကျည်းသားဟောင်းအချို့က ပြောသည်။

မစုလှိုင်နွေးကို မေလဆန်းက ဆေးရုံလာပြသည့်အချိန်တွင် မိသားစုက တွေ့ခွင့်ရခဲ့ပြီး ယခုနောက်ပိုင်းတွင် ထောင်ဝင်စာဖြင့်သာ အဆက်အသွယ်ရနေသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးမှာ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခံထားရပြီး မစုလှိုင်နွေးကို ထောင်ဒဏ် ၉ နှစ်၊ မခင်ကေခိုင်ကို ထောင်ဒဏ် ၇ နှစ် ထားဝယ်အကျဉ်းထောင်တွင်းရှိ စစ်ကောင်စီတရားရုံးက ချမှတ်ခဲ့သည်။