ခရီးသည်တင်ကားအနီး လက်နက်ကြီးကျည်ကျ၍ ၄ ဦးဒဏ်ရာရ

0
316

မြိတ်မြို့မှ ထားဝယ်ဖက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်နောက်လိုက်အပါအဝင် ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများ ထံမှသိရသည်။

ခရီးသည် ၂၀ ခန့်လိုက်ပါလာသည့် ရွှေဝယ်မင်းမှန်လုံယာဉ်မှာ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာအနီး ရပ်နားနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပဝတ်ကုန်းရွာဒေသခံများက ပြောသည်။

“ကားရပ်နေတုန်း အပေါ့ဆင်းသွားကြတာ ခရီးသည်လေးရောက် ဒဏ်ရာရပြီး ပုလောဆေးရုံမှာ ကုနေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ မသိရသေးပေ။

ကားရပ်ထားသည့်အချိန်သည် ပဝတ်ကုန်းရွာတွင် တိုက်ပွဲပြင်းထန်ဖြစ်နေချိန်ဖြစ်ပြီး ပုလောမြို့စစ်ကောင်စီတပ်များ ဘက်မှလက်နက်ကြီးဖြင့် ပစ်ခတ်နေချိန်ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

“တိုက်ပွဲဖြစ်နေတယ်ကြားလို့ ရှေ့ဆက်မသွားပဲ ရပ်နေတုန်းမှာ လက်နက်ကြီး လာကျတာ “ဟု ဒေသခံအမျိုးသား နောက်တစ်ဦးကပြောသည်။

ပဝတ်ကုန်းကျေးရွာတွင် ဇူလိုင် ၁၃ ရက်နေ့ နံနက် ၄ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ပုလောမြို့စစ်ကောင်စီတပ်မှ ယင်းကျေးရွာဖက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါ လက်နက်ကြီးကျည် ထိမှန်ခဲ့သောယာဉ်လိုင်းမှာ ရွှေဝယ်မင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခြင်းကြောင့် Dawei Watch မှ ရွှေဝယ်မင်းယာဉ်အသင်းသို့ အတည်ပြုနိုင်ရန် ဖုန်းဆက်သွယ်ခဲ့သော်လည်း ယနေ့ည ၁၀ နာရီကျော်သည်အထိ ဆက်သွယ်၍ မရသေးပေ။