ရေဖြူ စရဖရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

0
407

‌ထားဝယ်ခရိုင် ရေဖြူမြို့ (ဂ) ရပ်ကွက်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ဇူလိုင်လ ၁၃ ရက်ညက ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ည ၁၁ နာရီခန့်တွင် ယင်းရုံးက ပေါက်ကွဲသံများကြားရခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် အဆောက်အအုံတစ်ခုလုံး ပျက်စီးနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဘယ်လိုဖြစ်တာလဲတော့ သေချာမသိရဘူး။ ဒီမနက် ရုံးထဲမှာ တစ်ထပ်တိုက် ကြေမွနေတာပဲ သိရတယ်” ဟု ၎င်းက ဆိုသည်။

ယင်း စရဖရုံးတွင် ဝန်ထမ်းသုံးလေးဦး နေ့ဖက်လာရောက် တာဝန်ထမ်းဆောင်ပြီး ညဘက်ပြန်သွားလေ့ရှိသဖြင့် ဖောက်ခွဲခံရချိန်တွင် ရုံးထဲလူမရှိနိုင်ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံအချို့က ပြောသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ ယနေ့ (ဇူလိုင် ၁၄) မွန်းလွဲ ၂ နာရီအချိန်အထိ ထုန်ပြန်ထားသည်ကို မတွေ့ရသေးပေ။