တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
330

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch (မေ ၂၈ – ဇွန် ၃)

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထပ်တောင်းသည့် “ဝ” အဖွဲ့

စစ်ကောင်စီခေါင်းဆောင်နှင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ မေလ ၂၉ ရက်နှင့် မေလ ၃ဝရက်တို့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်’ ပေးရန် ဝ လက်နက်ကိုင်အဖွဲ့က ထပ်မံတောင်းဆိုခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကလွဲ၍ ကျန်သည့်ကိစ္စများအားလုံး ကိုယ်ပိုင်စီမံအုပ်ချုပ်သွားမည် ဖြစ်ကြောင်းလည်း ‘ဝ’ အဖွဲ့က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်မှ ခွဲထွက်ခြင်း လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ လက်ရှိနိုင်ငံတွင်း နေရာအနှံ့အများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများမှာ ဗမာတိုင်းရင်းသားများ အရေးသာဖြစ်၍ ဘယ်ဘက်ကိုမှ ဘက်လိုက်မည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရန်ကုန်မြို့လယ် ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအလယ်ဘလောက် ဘားလမ်းမှတ်တိုင်တွင် မေလ ၃၁ရက် ညနေ ၃နာရီခန့်က ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်သည့် စီစီတီဗီမှတ်တမ်း ထွက်ရှိလာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ဗုံးပေါက်မှုဖြစ်စဉ်အပေါ် ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သလို ရန်ကုန်အခြေပြု လှုပ်ရှားနေသည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအဖွဲ့များကလည်း ယင်းပေါက်ကွဲမှုမှာ ၎င်းတို့လုပ်ဆောင်ခြင်း မဟုတ်ဟု ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု စာအုပ်ရောင်းချ၍ စာပေတိုက်အပိတ်ခံရ

ရန်ကုန်မြို့ ကမာရွက်မြို့နယ် လှည်းတန်းမှာရှိသည့် လွင်ဦးစာပေအား တွေ့ရစဉ်

ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ရေးသားထားသည့် စာရေးသူ ရိုနန်လီ၏ Myanmar’s Rohingya Genocide အမည်ရှိစာအုပ်ကို တင်သွင်း၊ ထုတ်ဝေ၊ ရောင်းချ၍ဟုဆိုကာ လွင်ဦးစာပေကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့တွင်ထုတ်ဝေခွင့် ပိတ်လိုက်သည်။

ယင်းစာအုပ်တွင် ရိုဟင်ဂျာများ၏ သမိုင်းကြောင်းနှင့် ရိုဟင်ဂျာများအပေါ် ပြစ်မှုကျူးလွန်မှုများအား ရေးသားဖော်ပြထားကြောင်းသိရပြီး လွင်ဦးစာပေက အဆိုပါစာအုပ်ကို Lwin Oo Book Store ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မေလ ၂၇ ရက်က ဖော်ပြခဲ့ကြောင်း စစ်ကောင်စီကပြောဆိုထားသည်။

နောင်ချိုပညာရေးမှူးရုံး ဗုံးကွဲ၊ တစ်ဦးသေ ၈ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးတွင် မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆရာ/ဆရာမ ၈ ဦး ထိခိုက်ဒဏ်ရာရကာ ကျောင်းအုပ်ဆရာမကြီး တစ်ဦးသေဆုံးခဲ့သည်။

ဆရာ/ဆရာမများ ပုံမှန်လစဉ် အစည်းအဝေးနှင့် ကျောင်းပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးမှုအပြီး အစည်းအဝေးခန်းမအဝင်ဘယ်ဘက်တွင် ထောင်ထားသည့်ဗုံး ပေါက်ကွဲခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်၏ ဖော်ပြမှုအရသိရသည်။

ရွှေဆံပင်ဆရာတော် မေတ္တာရပ်ခံချက်

ပြည်သူများ၏ ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးနေမှု ရပ်တန့်ပေးကြပါရန် ရွှေဆံပင် ဆရာတော် အရှင်ဝေပုလ္လက လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် မေတ္တာရပ်ခံလိုက်သည်။

ယင်းမေတ္တာရပ်ခံချက်နှင့်အတူ ဆရာတော်၏ ဇာတိဒေသ ယင်းမာပင်မြို့နယ်၊ အလောင်းတော် ကဿပလမ်းခွဲ ရွှေဆံပင်တံတားလမ်းထိပ်ရှိ လည်ငေါက်ကျေးရွာတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည့် ဓာတ်ပုံများကိုပါဖော်ပြခဲ့ပြီး လက်ရှိတွင်လည်း ရွှေဆံပင်တံတားစခန်း ပညာဒါနကျောင်းတွင် ကျောင်းဖွင့်နိုင်ခြင်းမရှိဘဲ မီးဘေးစစ်ဘေးဒုက္ခသည်ဦးရေ ၅၀၀ ကျော်အား စောင့်ရှောက်ထားရကြောင်း ဖော်ပြထားသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျော်သော်အပါအဝင် လေးဦး သေဒဏ်ချခံရ

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို ကြိုးမိန့်ဖြင့် သေဒဏ်အမိန့်ချလိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးခေါင်းဆောင်က ဇွန်လ ၃ ရက်နေ့တွင်ပြောဆိုလိုက်သည်။

အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သော ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုကာ ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကိုလည်း လှိုင်သာယာတွင် ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်မှုဖြင့် သေဒဏ်ပေးလိုက်ခြင်းဖြစ်သည်။

ကြိုးမိန့်ချမှတ်မှုနှင့် ပတ်သက်ပြီး တိကျသည့် သတင်းအချက်အလက် ရရှိခြင်းမရှိသေးဘဲ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးသေဒဏ်စီရင်မှု ဖြစ်လာနိုင်သည်ဟု ပြောဆိုမှုများရှိသလို အမှန်တစ်ကယ် ကြိုးမိန့်ချဖွယ် မရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာလာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ရောက်ရှိနေ့သည့် ရေငုပ်သင်္ဘောကို ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု မြင့်တက်လာသဖြင့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလာနေသည်။

စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့ခြင်း၊ အစစ်အဆေးတင်းကျပ်လာခြင်းတို့အပြင် AA နှင့် ပတ်သက်ဆက်နွယ်သူများ၊ အမာခံများကို ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ ပြစ်ဒဏ်ချခံခြင်းများလည်း လုပ်ဆောင်လာသည်။

စစ်ကောင်စီတပ်က ယခုသီတင်းပတ်အတွင်း စစ်တွေ၊ ရမ်းဗြဲ၊ မင်းပြား စသည် မြို့နယ်များတွင် ကျေးရွာများကို ဝင်ရောက်ရှာဖွေ စစ်ဆေးခြင်း၊ တပ်စွဲခြင်း၊ ကျောက်တော်မြို့နယ် သမိုင်းဝင်ဘုရား ဖြစ်သည့် မဟာမုနိကုန်းတော်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ညအချိန် သေနတ်ပစ်ခတ်မှုများရှိလာသည်။

မေလ ၂၆ ရက်နေ့ကဆိုလျှင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ယင်းကြောင့် နားလည်မှုဖြင့် တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းထားသည့် တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်လာတော့မည်လောဟုလည်း ထောက်ပြမှုများရှိလာသည်။

ယင်းသို့ စစ်ရေးတင်းမာလာချိန် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ထဲတွင် မေလ ၃၁ ရက်နေ့က ရေငုပ်သင်္ဘောတစ်စီး ပေါ်ပေါ်ထင်ထင် သွားလာမှုကလည်း စစ်ရေးအရဖိအားပေးခြင်းလောဟုလည်း သံသယဖြစ်နေကြသည်။