ထိုင်းနိုင်ငံသားအသတ်ခံရမှုတွင် ဖမ်းဆီးစစ်ဆေးခံရသည့် မြန်မာလုပ်သား ၁၇၇ ဦးအထိရှိလာ

0
488

ထိုင်းနိုင်ငံသားတစ်ဦး အသတ်ခံရမှုတွင် မြန်မာအလုပ်သမားများကို သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က အသည်းအသန် ရှာဖွေလျက်ရှိရာ နှစ်ရက်အတွင်း မြန်မာ ၁၇၇ ဦးကို ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

ထိုင်းလျှပ်စစ်ဝန်ထမ်းတစ်ဦး၏ အလောင်းကို စွန်ခရာခရိုင် ဟတ်ယိုင်မြို့အနီး တောထဲတွင် ဇွန်လ ၁ ရက်နေ့၌ ထိုင်းအာဏာပိုင်များ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ယင်း‌မြို့ပတ်ဝန်းကျင်ကို အသည်းအသန် ရှာဖွေနေခြင်းဖြစ်သည်။

ယင်းသို့ ရှာဖွေနေစဉ် ဇွန်လ ၁ ရက်နေ့ ညပိုင်းတွင် မြန်မာအလုပ်သမား ၁၉ ဦးနှင့် ထိုင်းနိုင်ငံသား ကားသမားနှစ်ဦးတို့ကို အလောင်းတွေ့ရှိရာနှင့် ၇ကီလီမီတာအကွာတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လူသတ်မှုနှင့် သက်ဆိုင်မှုရှိမရှိ စစ်ဆေးနေကြောင်း ထိုင်းသတင်းများတွင် ရေးသားသည်။

၎င်းတို့မှာ တရားမဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်စဉ် လမ်းခရီးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ မြန်မာအလုပ်သမားများ စီးလာသည့်ကား သစ်ပင်ကို ဝင်တိုက်သဖြင့် မြန်မာအလုပ်သမားများနှင့် ထိုင်းလူမျိုး ကားသမားနှစ်ဦးတို့မှာ တောထဲတွင်ပုန်းခိုနေစဉ် အဖမ်းခံရခြင်းဖြစ်သည်။

အလောင်းတွေ့ရှိသည့် အနီးပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေခဲ့ရာ ဇွန်လ ၂ ရက်ညပိုင်းအထိ ယတ်ယိုင် မြို့နယ်အတွင်း နေရာ ၂ ခုတွင် မြန်မာအလုပ်သမား ၁၅၈ ဦးကို ထပ်မံဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အလောင်းတွေ့ရှိထားသော ‌ဟတ်ယိုင်တောတွင်းနေရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၄၉ ဦး၊ ဟတ်ယိုင်မြို့နယ်အတွင်းရှိ ငှားထားသော အိမ်နှစ်ဆောင်တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာအလုပ်သမား ၁၀၉ ဦးတို့ ထပ်မံအဖမ်းခံရခြင်းဖြစ်သည်။

၎င်းတို့သည်လည်း မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် နယ်စပ်တွင် စောင့်ဆိုင်းနေစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

နှစ်ရက်အတွင်းမှာပင် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား စုစုပေါင်း ၁၇၇ ဦးအထိ ရှိလာပြီဖြစ်သည်။

ဖမ်းမိထားသည့် မြန်မာအလုပ်သမားအားလုံးကို လူသတ်မှုနှင့် သက်ဆိုင်မှု ရှိမရှိ မျိုးဗီဇ DNA တိုက်ဆိုင် စစ်ဆေးသွားမည်ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းများတွင် ရေးသားထားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများအရေးကို ဆောင်ရွက်နေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းမင်းဦးကမူ ထိုင်းသတင်းများတွင် မြန်မာများ လုပ်သည့်ပုံစံမျိုး ဇောင်းပေးရေးနေသည်ကိုတွေ့ရကြောင်း ပြောသည်။

“ကျွန်တော်တို့လည်း update သတင်းတွေ စုံစမ်းနေတုန်းပဲ။ ထိုင်းမီဒီယာတွေက ဒီဘက် (မြန်မာလုပ်သား) က လုပ်သလို ဇောင်းပေးရေးနေတာမျိုးဆိုပေမဲ့ အခုထိ တရားခံဘယ်သူလဲဆိုတာ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

အသက် ၄၀ အရွယ် Mr. Maddol Binson အမည်ရှိ ထိုင်းနိုင်ငံသားကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများက အမှတ်မထင်ဆုံတွေ့စဉ် သတ်ဖြတ်မြေမြှုပ်ထားခဲ့ခြင်းဖြစ်နိုင်သည်ဟု ထိုင်းအာဏာပိုင်များက ယုံကြည်နေကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများ ဖမ်းဆီးစစ်ဆေးခံနေရမှုနှင့်ပတ်သက်၍ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိထံ ယနေ့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ကျွန်တော်တို့ ချိတ်ဆက် ဆောင်ရွက်နေတုန်း ရှိသေးတယ်။ ပြောပြလို့ရတဲ့အခြေအနေ မရှိသေးဘူး” ဟု ပြန်လည်ဖြေကြားသည်။

ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ‌သေဆုံးသူသည် မေလ ၃၁ရက် နေ့လယ်ပိုင်းတွင် ငါးမျှားရန် အတွက် အိမ်မှထွက်သွားသည်ကို CCTV မှတ်တမ်းအရ တွေ့မြင်ရသည်ဟု ဖော်ပြထားသည်။

နောက်တစ်နေ့တွင် လက်နှင့် ခြေထောက်ကို ချည်နှောင်ခံထားရပြီး ဦးခေါင်းကို ရိုက်ခွဲခံထားရသော ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ရှာဖွေစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: Bangkok Post, Thairath, MGR Online