တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
452

ကမ္ဘာတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Dawei Watch (မေ ၂၈ – ဇွန် ၃)

နီပေါနိုင်ငံ၏ လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိ

နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်းမှ ခရီးသည်နှင့် အမှုထမ်း ၂၂ ယောက်ပါလေယာဉ်တစ်စင်းသည် မေလ ၂၉ ရက်နေ့တွင် ပျက်ကျသွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိ‌ကြောင်း နိုင်ငံပိုင်သတင်းများတွင်ဖော်ပြထားသည်။

ပျက်ကျသွားသော လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၄ ဦး၊ ဂျာမန်နိုင်ငံသား ၂ ဦး၊ နီပေါခရီးသည် ၁၃ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦးတို့ ပါဝင်ခဲ့ပြီး မေလ ၃၀ ရက်နေ့တွင် အလောင်း ၂၂ လောင်းကို အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Ref: India Today

ထိုင်းလေဆိပ်တွင် ခရီးသည်တစ်ဦး၌ မျောက်ကျောက်ရောဂါတွေ့ရှိ

ဩစတေးလျသို့သွားရန် ထိုင်းလေဆိပ်တွင် ၂ နာရီကြာရပ်တန့်ခဲ့သော ခရီးသည်တွင် ‌မျောက်ကျောက်ရောဂါ (monkeypox) တွေ့ရှိကြောင်း ထိုင်းကျန်းမာရေးအဖွဲ့မှမေလ ၃၀ ရက်နေ့တွင် အတည်ပြုပြောကြားလိုက်သည်။

အဆိုပါလူနာနှင့် ထိတွေ့မှုရှိခဲ့သော ခရီးသည်နှင့်လေယာဉ်အမှုထမ်း ၁၂ ယောက်ကို ၇ ရက်ကွာရင်တင်းထားရှိစဉ် monkeypox လက္ခဏာမတွေ့ရှိရသေးကြောင်းနှင့် ဆက်လက်၍ ကွာရင်တိုင်းကို ၂၁ ရက်အထိ စောင့်ကြည့်ထားရှိသွားမည်ဟု ဆိုသည်။

Ref: Bangkok Post

ကမ္ဘာ့ဂင်းနစ်စံချိန်တင်သွားသည့်ဗီယက်နမ်နိုင်ငံက မှန်တံတား

ဧပြီလ၌ ဗီယက်နမ်တွင် တတိယအကြိမ်မြောက် အသစ်ဖွင့်လှစ်ခဲ့သော မှန်တံတားသည် ကမ္ဘာ့အရှည်လျားဆုံး မှန်တံတားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့သည်။

ဧပြီလတွင် ဖွင့်လှစ်ခဲ့သော ထိုတံတားအား ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအရာရှိများကမေလနောက်ဆုံးပတ်တွင် ကမ္ဘာ့အရှည်ဆုံးမှန်တံတားအဖြစ် အတည်ပြုလက်မှတ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

၎င်းတံတားအား လူအယောက် ၄၅၀ တစ်ပြိုင်တည်း ဖြတ်လျှောက်နိုင်အောင် တည်ဆောက်ထားပြီး တံတား၏ ခံနိုင်ဝန်ကို အက်စ်ယူဗွီကားတစ်စီးအား တံတားပေါ်တွင် မောင်းနှင်၍ စမ်းသပ်ထားသည်ဟုဆိုသည်။

Ref: CNN

ထိုင်ဝမ်လေပိုင်နက်သို့ တရုတ်တိုက်ခိုက်ရေးဂျက် အစင်း ၃၀ ဝင်ရောက်ပျံသန်း

ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ်ဖိုင်တာဂျက်အစင်း ၃၀ သည် မေလ ၃၀ ရက်နေ့တွင် ဝင်ရောက်ခဲ့မှုကြောင့် ထိုင်ဝမ်တိုက်လေယာဉ်များ လွှတ်တင်ခဲ့ရသည်ဟု BBC ကဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်သည် ၂၀၂၂ ခုနှစ်အတွက် တရုတ်စစ်လေယာဉ်များဝင်ရောက်သည့် အကြီးမားဆုံး နယ်မြေကျူးကျော်မှုဖြစ်ခဲ့သည်။

ထိုင်ဝမ်ကို ကျူးကျော်မည့် အခြေအနေနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးခဲ့ပြီးနောက် အဆိုပါ တိုက်လေယာဉ်များ ဝင်လာသည့်ဖြစ်စဉ် ကြုံရခြင်းဖြစ်သည်။

Ref: BBC

ဘရာဇီးရေဘေးကြောင့် လူ ၁၀၀ ထက်မနည်းသေဆုံး၊ အများအပြားပျောက်ဆုံး

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းပါနမ်ဘူကိုပြည်နယ်နှင့်မြို့တော်ရစီဖာတွင် မေလ ၂၅ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၀၀ ဦးထက်မနည်းသေဆုံးကာ အများအပြားပျောက်ဆုံးနေသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားသည်။

မြေပြိုမှုတွေကြောင့် လူအများအပြား သေဆုံးပြီး ပျောက်ဆုံးသူများရှိနေဆဲဖြစ်ကာ လူ ၆၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ကယ်ဆယ်ရေးသမားများမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုဆက်လက်လုပ်ဆောင်နေကြောင်း ဘရာဇီးအာဏာပိုင်များမှဆိုသည်။

Ref: China Xinhua News, BBC

ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံပိတ်ပင်ဖို့ ဥရောပသမဂ္ဂ သဘောတူ

ရုရှားနိုင်ငံရဲ့ရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကိုပိတ်ပင်ဖို့အစီအစဉ်ကို ဥရောပသမဂ္ဂ(EU) ခေါင်းဆောင်တွေက မေလ ၃၀ ရက်နေ့တွင် သဘောတူလိုက်ပြီဟု ဥက္ကဌ ချားလ်မိုင်ကယ်က ကြေညာလိုက်သည်။

ရုရှားစစ်ယန္တရားအတွက် ငွေကြေးထောက်ပံ့နေတဲ့အကြီးစားရင်းမြစ်ကို ဒီသဘောတူညီချက်မှ ဖြတ်တောက်နိုင်ခဲ့ပြီဟု ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်က တနင်္လာနေ့တွင်ပြောကြားသည်။

Ref: BBC

BTS အဖွဲ့နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ အိမ်ဖြူတော်တွင်တွေ့ဆုံ

တောင်ကိုးရီးယားသမ္မတနိုင်ငံ Kpop Starအဖွဲ့ BTS သည် အာရှလူမျိုးစုများကို ပစ်မှတ်ထားသော အမုန်းတရားဆိုင်ရာ ရာဇဝတ်မှုများကို ဆန့်ကျင်ဖြေရှင်းနိုင်ရန် မေလ ၃၁ ရက်နေ့တွင် အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မှ လက်ခံတွေ့ဆုံခဲ့သည်။

မကြားသေးသောနှစ်များအတွင်း ဖြစ်ပေါ်လာသော အာရှဆန့်ကျင်ရေးအမုန်းတရားကို အခြေခံသည့် ရာဇဝတ်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို ကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“လူကောင်းတွေက ပြောတဲ့အခါ အမုန်းတရားတွေ ပျောက်ကွယ်သွားမယ်၊ဘယ်လောက်ဆိုးလည်းသာပြောလိုက်ရင် အမုန်းတရားတွေကျဆင်းသွားမှာပဲ”ဟု ဂျိုးဘိုင်ဒင်ကဆိုသည်။

Ref: The White House

လက်နက်ကိုင်တစ်ဦး ဆေးရုံအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ်ရှိ တူလ်ဆာဆေးရုံကို လက်နက်ကိုင်တစ်ဦး ဇွန်လ ၁ ရက်နေ့တွင် ‌ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူလေးဦးသေဆုံးပြီး ဒဏ်ရာရသူများ‌ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

သေနတ်သမားသည်လည်း သူ့ကိုယ်သူပြန်ပစ်ခဲ့သောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

သတင်းရရချင်း ၃ မိနစ်အတွင်း ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး တရားခံအမည်နှင့် ဝင်ရောက်ပစ်ခတ်ရသည့်အကြောင်းအရင်းကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်သည်။

Ref: The Reuters

တရုတ်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး

တရုတ်နိုင်ငံ စီချွန်းပြည်နယ်တွင်ဇွန်လ ၁ ရက်နေ့ ငလျင်၂ ခုလှုပ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ငလျင်သည် ပြင်းအား ၆ ဒသမ ၁ မဂ္ဂနီကျုရှိပြီး တရုတ်နိုင်ငံ စီချွန်းပြည်နယ် မြို့တော် ချွန်ဒူး ၏ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

၃ မိနစ်ခန့်ကြာပြီးနောက် ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်း၏ ၂၀ ရာခိုင်နှုန်း ရုရှားထိန်းချုပ်မှုအောက် ကျရောက်ပြီဟုဆို

ယူကရိန်းပိုင်နက်၏ ငါးပုံတစ်ပုံသည် ရုရှား၏ထိန်းချုပ်မှုအောက်တွင်ကျရောက်နေပြီး ဒွန်ဘက်စ်ဒေသသည် လုံးဝ နီးပါးပျက်စီးသွားသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက လူဇင်ဘတ်လွှတ်တော်သို့ အွန်လိုင်းကတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါပမာဏသည် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ် ၃ နိုင်ငံပေါင်းထားသည့် ဧရိယာထက် ပိုများနေပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်း ပိုမိုထောက်ပံ့ကြဖို့ တိုက်တွန်းထားသည်။

Ref: CNN