တနင်္သာရီ သိန္ဒော‌ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ပစ်ခတ်ခံရဟုဆို

0
253

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယနေ့ (မေ ၂၄) ညနေ ၅ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တောင်ပိုင်းသူရဲကောင်းများ အင်အားစု(SWDF) က ထုတ်ပြန်လိုက်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ညနေ ၅ နာရီဝန်းကျင်ခန့်က သိန္ဒောတွင်သေနတ်သံ သုံးချက်ကြားခဲ့ရကြောင်း တစ်ဖက်ကမ်းရှိ ဘန်းပြည့်ရွာသားများက ပြောသည်။

“သေနတ်သံက တပ်ဖက်ကပစ်တဲ့အသံပဲ။ ရွာထဲက လူတွေမေးကြည့်တော့ သိန္ဒောမှာ စစ်ကောင်စီတပ်သား တစ်ယောက်အပစ်ခံရပြီး သေတယ်လို့တော့ ကြားရတယ် “ဟု ဘန်းပြည့်ရွာနေ အမျိုးသားတစ်ဦးကပြောသည်။

သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မှ မကြာခဏလာရောက် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများ ကပြောသည်။