ကျိုက်ထိုတွင် ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
345

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာက ဦးဇော်သန်းဆိုသူ ယနေ့ (မေ ၂၄) ပစ်သတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့မှ သိရသည်။

ဦးဇော်သန်းသည် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က သထုံစု အန္တရာယ်ကွေ့အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကယ်ရီပို့ဆောင်ရင်း သထုံစု အန္တရာယ်ကွေ့မှာ ဦးခေါင်းသေနတ်ဒဏ်ရာ နှစ်ချက်နဲ့ သေဆုံးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးဇော်သန်းမှာ စစ်ကောင်စီသတင်းပေး ဒလန်ဖြစ်သဖြင့် ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ကျိုက်ထို ပကဖတို့ ဦးဆောင်သော တော်လှန်ရေးအဖွဲ့တိုက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။