ဘန်ကောက်တွင် ဆောက်လက်စကွန်ဒို ကြမ်းခင်းပြို၍ မြန်မာလုပ်သား ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

0
350
ကြမ်းခင်းပြိုကျခဲ့သည့် ဆောက်လက်စကွန်ဒို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လက်စ ကွန်ဒိုတစ်ခုတွင် ကြမ်းခင်းပြိုကျမှုဖြစ်ပြီး မြန်မာအလုပ်သမား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ယင်းကွန်ဒို၏  ၂၇ လွှာ နှင့် ၂၆ လွှာတို့တွင် အလုပ်သမား ၅၀ ခန့် ညဘက်ဘိလပ်မြေလောင်းနေစဉ် ကြမ်းခင်းကို ထောက်ထားသော Tတိုင်ပြိုကျပြီး ငြမ်းပါပြိုကျမှုကြောင့်  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ငြမ်းပေါ်ရှိ မြန်မာအလုပ်သမားတစ်ဦး အဆောက်အဦး အောက်ခြေသို့ ပြုတ်ကျသေဆုံး သွားခြင်းဖြစ်သည်။

ကြမ်းခင်ပြိုကျခဲ့ပြီးနောက် မြန်မာလုပ်သား ၅ ဦးမှာကွန်ဒို ၂၆ လွှာသို့ ပြုတ်ကျဒဏ်ရာရရှိခဲ့၍ ကယ်ဆယ်ရေးအဖွဲ့မှ Vajira ဆေးရုံသို့ ပိုဆောင်ပေးခဲ့သည်။ ကျန်အလုပ်သမားများမှာ မပြိုကျသောနံရံဘေးတွင် ရှိနေခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပေ။

မတော်တဆမှုဖြစ်ပွားခဲ့သော အဆိုပါကွန်ဒိုကို ဆောက်လုပ်‌ရေးခွင့်ပြုချက်ဖြင့် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ပြီးစီးရန် စီစဉ်ထားသော်လည်း ယခုအချိန်အထိ ဆောက်လုပ်ဆဲပင်ဖြစ်သည်။

မတော်တဆပြိုကျမှုဖြစ်ပွားခဲ့သော အဆိုပါ ကွန်ဒိုကို ယခုအချိန်တွင် အန္တရာယ်ရှိသော နေရာအဖြစ် သတ်မှတ်ထားပြီး လုပ်ငန်းခွင်ပေါ့ဆမှုကြောင့် သေဆုံးထိခိုက်မှုဖြစ်စဉ်အတွက် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်း‌ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ကိုးကား/ဓာတ်ပုံ-  Khaosod-ข่าวสด ၊ police Thailand news