မွန်အမျိုးသားညီလာခံ စတင်ကျင်းပ

0
519
ယနေ့ကျင်းပနေသည့် မွန်အမျိုးသားညီလာခံသို့ တက်ရောက်လာသူများ

မွန်ပြည်သစ်ပါတီက ဦးဆောင်ပြုလုပ်သည့် မွန်အမျိုးသား ညီလာခံတစ်ရပ်ကို မေလ ၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ၄ ရက်တိုင် စတင်ကျင်းပလျက်ရှိသည်။

ညီလာခံကို  မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ကျင်းပနေခြင်းဖြစ်သည်။

ယင်းညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေး အကောင်အထည်ဖော် သွားရန်ရှိသည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

”မွန်မှာလည်း ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရှိတယ်၊ ဒီမူကြမ်းအပေါ်မှာရော  ပကတိဖြစ်ပေါ်နေတဲ့ ကနေ့အခြေအနေပေါ်မှာရော  ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်နဲ့ ကိုက်ညီတဲ့ ကိုယ့်ပြည်နယ်ကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ကြမလဲဆိုတာ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ငန်းစဥ်တွေ ချမှတ်သွားဖို့ရှိပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်က ပြောသည်။

၎င်းပြင် မွန်အမျိုးသားရေးနှင့်ပတ်သက်ပြီး ကဏ္ဍစုံ ချမှတ်ထားသည့် ၁၀ နှစ်တာ လုပ်ငန်းစဥ်များကိုလည်း ညီလာခံတွင်  ချပြသွားရန်လည်းရှိသည်ဟု မွန်ပြည်သစ်ပါတီက ပြောဆိုထားသည်။

ညီလာခံသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသူများ လေ့လာသူများ စုစုပေါင်း  ၂၅၀ ကျော် တက်ရောက်သည်။

မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး နောက်ဆုံးအကြိမ် မွန်အမျိုးသားညီလာခံကို  ၂၀၁၆ ခုနှစ်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ  ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်း ကျေးရွာတွင် ကျင်းပခဲ့သည်။