မြိတ်ခရိုင်အတွင်းရှိ စစ်ရှောင်များအတွက် အမိုးအကာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

0
494
ပုလောမြို့နယ်ရှိ စစ်ဘေး‌ရှောင်စခန်းတစ်ခု

တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မြိတ်ခရိုင် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့မှ စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့များထံမှသိရသည်။

မြိတ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးခိုလုံသူ ၃၅၀၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် မိုးဦးရာသီကျရောက်လာပြီဖြစ်၍ အမိုးအကာများ လိုအပ်လာပြီဖြစ်သည်။

ပုလောမြို့နယ်စစ်ရှောင်စခန်းတွင် လူ ၁၅၀၀ နီးပါး နေထိုင်လာသည်မှာ ခြောက်လကျော်လာပြီဖြစ်ပြီး အမိုးများ ဟောင်းနွမ်းစုတ်ပြဲလာနေပြီ ဖြစ်သည့်အတွက် အသစ်လဲလှယ်ရန် တာလပတ်အမိုးများ လိုအပ်နေသည်ဟု အကူအညီပေးနေသည့် ခုနစ်စဉ်ကြယ်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ယင်းအပြင် တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုတွင် ပြည်သူနှစ်ထောင်နီးပါး နေထိုင်နေကြပြီး ကလေးသူငယ်၊ သက်ကြီးရွယ်အို နာတာရှည်ရောဂါနှင့် နှလုံးရောဂါသည်များအတွက် ဆေးဝါးအကူအညီ လိုအပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

“ဒီမှာလည်း အခက်အခဲတွေက အများကြီးရှိနေတယ်။ အဓိကပြဿနာက ဆေးဝါးနဲ့ ကျန်းမာရေးစောက်ရှောက်မှုက တကယ်လိုအပ်နေပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

တနင်္သာရီမြို့နယ်၊ ပဝရွာနှင့်လယ်သစ်ရွာ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပြီးနောက် ယခုနှစ်ဆန်းမှစကာ လူရေ ၃၀၀၀ ခန့်  ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိထက်ဝက်နီးပါးခန့်မှာ ကျေးရွာများတွင် ပြန်လည်နေထိုင်နေကြကြောင်း ခုနစ်စဉ်ကြယ်အဖွဲ့မှသိရသည်။

ယင်းအပြင် မတ်လ ၃၁ ရက်နေ့မှစပြီး တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးနေသည့် တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာဖက်မှ ဒေသခံများသည်လည်း လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘဲ နီးစပ်ရာရွာများရှိ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် တောတောင်ဥယျာဉ်များအတွင်း နေထိုင်နေရကြောင်း စားဝတ်နေရေး အခက်အခဲရှိနေကြောင်း ဒေသခံများနှင့် ခုနစ်စဉ်ကြယ်အဖွဲ့မှသိရသည်။

ထို့အပြင် မေလ ၁ ရက်နေ့(မနေ့က) ပုလောမြို့နယ်၊ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရွာသုံးရွာမှ ဒေသခံရွာသား တစ်ထောင်ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လတ်တလော ထွက်ပြေးလာသူများမှာ လုံခြုံသည့်နေရာသို့ရောက်ရှိနေပြီး ၎င်းတို့၏ နေထိုင်စားသောက်မှု အခြေအနေကိုတော့ Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

မြိတ်ခရိုင်ပုလောမြို့နယ်အတွင်း လက်ရှိ စစ်ရေးမတည်ငြိမ်မှုကြောင့် အနည်းဆုံးကျေးရွာ သုံးဆယ်နီးပါး စစ်ရှောင်နေရပြီး တနင်္သာရီမြို့နယ်တွင် အနည်းဆုံးကျေးရွာ ၁၀ ရွာခန့် စစ်ရှောင်နေရကြောင်း ခုနစ်စဉ်ကြယ်အဖွဲ့ထံမှသိရသည်။