တိုက်ပွဲကြောင့် ပုလောဒေသခံတစ်ထောင်ကျော် စစ်ဘေးရှောင်

0
518
စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံများ

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွါ ထွက်ပြေးနေရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် အကူအညီပေးနေသည့်အဖွဲ့များ ထံမှသိရသည်။

ကျောင်းနိမ့်ကျေးရွာတွင် မတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်များ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယင်းရွာအတွင်းရှိ နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“အိမ်တွေလည်း မီးလောင်တော့ ကရင်ရွာရော ဗမာရွာရော လူတွေအကုန် ထွက်ပြေးကုန်ကြပြီ”ဟု ကျောင်းနိမ့်ရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် ဂျက်ဂါရွာဒေသခံ တစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်သည့် ကျောင်းနိမ့်ရွာ အပါအဝင် ပိန္နဲတောင်၊ဆားခဲစသည့် ကျေးရွာသုံးရွာမှ လူဦးရေတစ်ထောင်ကျော် ထွက်ပြေးနေရပြီး စစ်ရှောင်ပြည်သူများအား ပုလောစစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီ(IDPCMC)အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က ယနေ့ (မတ် ၂) ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း ကျောင်းနိမ့်ရွာရှိ နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်သား နှစ်ဦးကျဆုံးကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ တစ်ဦးဒဏ်ရာရပြီး မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။