မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစု တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်စဉ် ဖမ်းမိ

0
246
မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစု

မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က မောတောင်-စင်ခွန်းနယ်စပ်ဂိတ်ရှိ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်စဉ်ဖမ်းမိခဲ့ကြောင်း မြိတ်-ပရာကျွပ်မောင်နှစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် ထံမှ သိရသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင် ငံ၊ ပရာကျွပ်ခီရီခန်မြို့၊ အောင်နွဲတိုက်နယ် အမှတ် ၅ ကျေးရွာအုပ်စု နင်ကဲဝို့ ကျေးရွာရှိ ရာဘာခြံအတွင်း ထိုင်းတာဝန် ရှိသူတို့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစု

အဆိုပါမိသားစုတွင် အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် ၁၀ နှစ် အရွယ်ရှိ သားတစ်ဦး၊ ခုနစ်နှစ်အရွယ် သမီးအမွှာမိန်းကလေး နှစ်ဦးတို့ပါရှိပြီး အမျိုးသမီး၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်၊ ပထီရူးမြို့နယ်ရှိ အလုပ်ရှင်တစ်ဦး၏ ဆီအုန်းခြံတွင်လုပ်ကိုင်နေပြီး အမျိုးသားမှာ လိုက်ပါလာခြင်းမရှိခဲ့ကြောင်း မြိတ်-ပရာကျွပ်မောင်နှစ်မြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ အခြေအနေတို့ ကြောင့် မောတောင်-စင်ခွန်းနယ်စပ် ဂိတ်ဘက်ရှိ တောလမ်းမှတစ်ဆင့် ပွဲစား၏အကူအညီဖြင့် ဝင်ရောက်လာစဉ် ထိုင်းတာဝန်ရှိသူတို့က တွေ့ရှိခဲ့ခြင်းဖြစ် ပြီး ၎င်းတို့အား နယ်စပ်ဂိတ်ဖွင့်မှသာ နေရပ်သို့ပြန်ရန်ပြောဆိုခဲ့ပြီး အလုပ်ရှင်ထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောသည်။

ပြီးခဲ့သည့် သုံးလကျော်ခန့်က လည်း မောတောင်နယ်စပ် တရားမဝင် လမ်းကြောင်းမှ ဝင်လာသည့် နေရပ်ပြန် မြန်မာအလုပ်သမားနှစ်ဦးအား သက်ဆိုင်ရာဌာနမှ အမှုဖွင့်အရေးယူခဲ့ကြောင်း၊ ယင်းနောက် ခိုးဝင်လာသူများကို မတွေ့ ရှိရတော့ကြောင်း မောတောင်မြို့၊ မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစု

“အရေးယူမှန်းသိနေတော့ သူတို့ နည်းသူတို့နဲ့ ခိုးဝင်နေတာလားမသိဘူး ပေါ့” ဟု ၎င်းက ပြောသည်။

မောတောင်-စင်ခွန်းနယ်စပ်ဂိတ်မှ လူအဝင်အထွက်အား ပိတ်ထားသလို မြိတ်ဒေသထွက် ရေထွက်ကုန်အချို့တင် ပို့ရောင်းချခွင့်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)