ကမ်းနားပျံကျဈေး အချိန်တိုးပေးရန် ဒေသခံတောင်သူ ၂၀ နီးပါး အသနားခံစာတင်

0
311
ကမ်းနားပျံကျဈေး

ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ပျံကျဈေးပိတ်ချိန်မှာ စောနေသဖြင့် ခြံထွက်သီးနှံများရောင်းချရန် အခက်အခဲရှိသောကြောင့် ဈေးချိန်တိုးမြှင့်ပေးရန် ဒေသခံတောင်သူ ၂၀ နီးပါးက လက်မှတ်ရေးထိုးထားသည့် အသနားခံ စာကို ထားဝယ်မြို့နယ်ဈေးကော်မတီမှတစ်ဆင့် တိုင်းအစိုးရရုံးနှင့် စည်ပင် ဝန်ကြီးထံ လိပ်မူကာ တင်ပြထားသည်ဟု သိရသည်။

ကိုဗစ်မဖြစ်ခင်က ထားဝယ်ကမ်း နားဈေးနှင့် ပျံကျဈေးသည် နံနက် ၂ နာရီမှ ည ၈ နာရီအထိ ရောင်းသူဝယ်သူများဖြင့် စည်ကားနေပြီး ကိုဗစ်‌ ဖြစ်ပြီးနောက်ပိုင်းတွင် ထားဝယ်ကမ်း နားဈေးဖွင့်ချိန်ကို နံနက် ၅ နာရီမှ နေ့လယ် ၂ နာရီ အထိ အချိန်အကန့်အသတ်ဖြင့် ရောင်းချ ခွင့်ပေးထားသည်။

ကမ်းနားပျံကျဈေး

ကမ်းနားပျံကျဈေးပိတ်ချိန် နေ့လယ် ၂ နာရီမှ ခြံထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချရသဖြင့် တစ်နိုင်တစ်ပိုင်ခြံစိုက်စားသူများနှင့် နယ်ဘက်မှ ဈေးလာဝယ်သူအချို့အတွက် အခက်အခဲများရှိလာသည်ဟု ထားဝယ်မြို့ သဗြုချောင်းကျေးရွာမှ အသနားခံစာ တင်ထားသူ ကိုဟိန်းဇော်ဦးက ပြောသည်။

ခြံထွက်သီးနှံများကို ဆိပ်ကမ်းသာပန်းခြံအသစ်ရှေ့ လမ်းဘေးတွင် သုံးဘီးနှင့် ကားငယ်များအား နောက်ပေါက်ဖွင့်ကာ ရောင်းချပါက စည်ပင် ဝန်ထမ်းများ၏ နှင်ထုတ်ခြင်းခံရပြီး လမ်းတစ်ဖက်ရှိ အိမ်များ၏ မြေကွက်လပ်တွင် ရောင်းချသော်လည်း အိမ်ရှင်များ၏ ငြူစူကန့်ကွက်မှုကို ခံရသဖြင့် ခြံထွက်သီးနှံများရောင်းချရန် အခက်အခဲများ ကြုံနေရသည်ဟု အသနားခံစာတွင် ဖော်ပြထားသည်။

စည်ပင်ဝန်ထမ်းများက မောင်းထုတ်ပါက ခြံထွက်သီးနှံနှင့် ဟင်းသီး ဟင်းရွက်များကို ကြုံသလို လှည့်လှည် ရောင်းချရပြီး ရောင်းမကုန်သည့်အခါ အိမ်သို့ပြန်လည်ယူဆောင်သွားပါက နောက်နေ့တွင် သီးနှံနှင့် ဟင်းရွက်များ ပုပ်ကုန်သည်ဟု ကိုဟိန်းဇော်ဦးက ပြောသည်။

“ရန်ကုန်မှာ နှစ်ယောက်တွေ့ပြီး ဆိုတည်းကပဲ ကျွန်တော်တို့ ဒုက္ခဖြစ်နေတာ။ ပုံမှန်သွားနေရရင်တော့ အဆင်ပြေတယ်။ ပြေးလိုက် လွှားလိုက်နဲ့ ပြေးနေလွှားနေရတဲ့နေ့တွေဆို ကျွန်တော်တို့မှာ ရောင်းစရာတွေ တစ်ပုံလုံး ကျန်ကျန်ပြီး အိမ်ရောက်တယ်ဆို အကုန်လုံးလွှင့်ပစ် လိုက်ရတယ်။ ဆုံးရှုံးမှုတွေ အရမ်းကို များတယ် ကျွန်တော်တို့မှာ” ဟု ၎င်းက ဆိုသည်။

ကမ်းနားပျံကျဈေး

အကောက်ခွန်ရုံးအနီးရှိ ကမ်းနားတွင် ဈေးရောင်းချရန် နေရာသတ်မှတ်ပေးမည်ဟု တာဝန်ရှိသူများက ပြောဆိုသော်လည်း ယင်းနေရာတွင် အဆင်မပြေကြောင်း ၎င်းက ဆိုသည်။

“အဲဒီဘက်ကလည်း စရိုက်က နည်းနည်းကြမ်းတယ် မဟုတ်လား။ မိန်းမပျိုလေးတွေလည်း တစ်ခါတလေ ဆိုင်ကယ်နဲ့လာရောင်းတာတွေရှိတယ်၊ ပင်ရင်းရှင်တွေထဲက၊ မိုးချုပ်မှ ပြန်တယ်ဆို လူဆိုတာ ပြောမနိုင်ဘူးလေ” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလတွင် အလုပ်အကိုင်ရှားပါးကျပ်တည်းနေချိန်တွင် ကိုယ်တိုင် စိုက်ပျိုးသည့် ခြံထွက်သီးနှံ ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချမည့်နေရာမရှိသဖြင့် ကိုဗစ်ကာလတွင် မိသားစု စားဝတ်နေရေးအတွက် ခက်ခဲလာနေပြီး ညနေပိုင်း ဈေးရောင်းချနိုင်မည့်နေရာတစ်ခု သတ်မှတ်ပေးရန် သို့မဟုတ် ဈေးချိန်တိုးမြှင့်ပေးရန် အသနားခံစာတွင်ဖော်ပြထားသည်။

မိုးမြင့်