အခြေခံလူတန်စားစာရင်း ပြန်ကောက်ပေးရန်တောင်းဆိုသည့်မေးခွန်း တိုင်းအစိုးရပယ်ချ

0
212
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့သည့် ငွေကြေးကိစ္စ မြေပြင်အခြေအနေတွင် ရှုပ်ထွေးနေသဖြင့် စနစ်တကျ စာရင်းပြန်ကောက် ပေးရန် တိုင်းလွှတ်တော်တွင် ဒီဇင်ဘာလ ၂၂ ရက်က တင်ပြခဲ့သော်လည်း တိုင်း အစိုးရက ပယ်ချလိုက်သည်။

အစိုးရက စေတနာနှင့် ထောက်ပံ့ ကြေးပေးသော်လည်း မြေပြင်တွင် ဝေဒနာ သာဖြစ်ခဲ့ရခြင်းမှာ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့်ဖြစ်ကြောင်း စာရင်းပြန် ကောက်ပေးရန် တောင်းဆိုခဲ့သည့် တိုင်းလွှတ်တော်ကိုယ်စာလှယ် ဒေါက်တာ ထူးနေအောင်က ထောက်ပြခဲ့သည်။

ယင်းကဲ့သို့ဖြစ်ရခြင်းမှာ အခြေခံ လူတန်းစား အဓိပ္ပာယ်သတ်မှတ်ချတ် သတ် သတ်မှတ်မှတ်မရှိခြင်း၊ စာရင်းစကောက်စဉ်က စနစ်တကျ မကောက်ခံခြင်း၊ စာရင်းကောက်ရန် အချိန်ပေးမှုနည်းပါးခြင်း၊ အုပ်ချုပ်ရေးမှူးအချို့က မြေပြင်တွင် အမှတ်တကယ် စာရင်းမကောက်ဘဲ ခန့်မှန်းခြေဖြင့် တင်ပြကြခြင်း၊ နီးစပ်သူများကို ခွဲဝေပေးခြင်းကြောင့် ထောက်ပံ့ကြေး အပြည့်မရခြင်း ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ယင်းအတွက်ကြောင့် လက်ရှိမြေပြင်တွင် ဖြစ်ပွားနေသည့် ထောက်ပံ့ကြေး ကိစ္စ အငြင်းပွားမှုများ မဖြစ်စေရန် အတွက် ဒေါက်တာထူးနေအောင်က တိုင်းအစိုးရကို အောက်ပါ အချက်သုံးချက်ကို လုပ်ဆောင်ရန် ရှိ/ မရှိ လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

အခြေခံလူတန်းစား အဓိပ္ပာယ် သတ်မှတ်ချက် တိတိကျကျ ပြန်လည် စာရင်းကောက်ယူရန်၊ ထောက်ပံ့ကြေး အမှန်ရသင့်ပြီး လေးကြိမ်တိုင်တိုင် ထောက်ပံ့ကြေးမရသူများကို ပြန်လည် ရရှိအောင်ဆောင်ရွက်ပေးရန်၊ ထောက်ပံ့ငွေများ အလွဲသုံးစားဆောင်ရွက်မှုကို ထိရောက်စွာ အရေးယူပေးရန်တို့ ဖြစ်သည်။

များပြား ရှုပ်ထွေးလွန်းသည့် အခြေခံ လူတန်းစားကို အဓိပ္ပာယ်တိတိကျကျ သတ်မှတ်ရန်မှာ အခက်အခဲရှိသဖြင့် စာရင်းပြန်လည်ကောက်ယူရန်မရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးလည်းဖြစ်၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး လည်းဖြစ်သူ ဗိုလ်မှူးကြီး ကျော်ဇေယျက ဖြေကြားခဲ့သည်။

“အချက်အလက်တွေကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးတွေက အသိဆုံးပါ။ သူဟာ ငတ်နေ တာလား၊ သူဟာ ဒုက္ခရောက်နေတာလား၊ သူက အခြေခံအဆင့်လား။ အချို့က ကျပန်းလို့ စာရင်းထဲမှာ ထည့်ထားပေမဲ့ အမှန်တကယ် မြေပြင်မှာ ဆိုင်ကယ်နဲ့၊ တီဗီနဲ့၊ ကိုယ်ပိုင်မီးစက်တွေနဲ့ ဒါမျိုး တွေလည်းရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုမှလည်း အခြေခံလူ တန်းစားသတ်မှတ်ကို တိတိကျကျ ညွှန် ကြားထားခြင်းမရှိကြောင်းနှင့် တိတိကျကျ သတ်မှတ်ပေးရန်အတွက်လည်း အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ယခု အချိန်အထိ လမ်းညွှန်ချက်မရသေးကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အစိုးရကလည်း တစ်ဦးချင်း၊ တစ်ယောက်စီတိုင်းရဲ့ ဒုက္ခတွေ၊ အခက်အခဲတွေကို အောက်ခြေမှာ ရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အသံတွေကို နာထောင်ပါတယ်။ အဲဒီအသံတွေအားလုံးကို မှတ်သားနာယူ လိုက်နာပါတယ်” ဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

ဒေါက်တာထူးနေအောင်ကမူ စာရင်း ပြန်ကောက်မယ့်ကိစ္စ ပြန်လည်စဉ်စား သုံးသပ်ပေးဖို့ တောင်းဆိုခဲ့သေးသည်။

“ဝန်ကြီးဖြေသွားတာက သီးခြား ပြန်လည်ကောက်ယူပေးဖို့ မရှိပါကြောင်း ဆိုပြီး ဖြေသွားတာကို ဝမ်းနည်းစွာနဲ့ တွေ့လိုက်ရပါတယ်” ဟု ဒေါက်တာ ထူးနေအောင်က ဆိုသည်။

သို့သော်လည်း ထောက်ပံ့ကြေးရသင့်ကြောင်း ရပ်ကျေးအဆင့်မှစပြီး အဆင့်ဆင့် တင်ပြလာပါ တိုင်းအစိုးရကလည်း ပြည်ထောင်စုထံ ထောက်ခံတင်ပြပေး မည်ဖြစ်သလို အခြေခံလူတန်းစားများ ရသင့်ရထိုင်သူများ ထောက်ပံ့ကြေးရရှိရေးကိုလည်း ကြပ်မတ်ဆောင်ရွက်နေ ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

ကျော်သူစိုး