တနင်္သာရီတိုင်း ဌာနဆိုင်ရာတို့၏ ဘဏ္ဍာငွေကိုင်တွယ်သုံးစွဲမှု အလွဲအချော်များ

0
128
Dawei Watch, Dawei News, Dawei News Media
စပါး ၇၆ တင်း ကြိတ်ခွဲပြီး ဆန် ၇၅ တင်း ထွက်ရှိဟု စာရင်းတင်

ပြီးခဲ့သည့် နှစ်နှစ်က တိုင်းအတွင်း က အစိုးရဌာနဆိုင်ရာများအနေနှင့် ဘဏ္ဍာငွေအား စည်းမျည်း၊ စည်းကမ်းနှင့်အညီ စနစ်တကျ သုံးစွဲခြင်းမရှိသည့် အချက်အလက်များကို တိုင်းစာရင်း စစ်ချုပ်က လွှတ်တော်သို့ တင်ပြလိုက်ပြီ ဖြစ်သည်။

ဒီဇင်ဘာလ ၂၂ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် အစီရင်ခံစာကို တင်သွင်းခဲ့ ခြင်းဖြစ်သည်။

တိုင်းအတွင်းရှိ အစိုးရ၊ ဌာနဆိုင်ရာ စုစုပေါင်း ၂၅ ခုကို စာရင်းစစ်ချုပ် ရုံးက စစ်ဆေးခဲ့ရာ တစ်ဝက်နီးပါးက ဘဏ္ဍာရေး စည်းမျဉ်း၊ တင်ဒါ လုပ်ထုံး၊ လုပ်နည်း၊ စာချုပ် စည်းကမ်းများနှင့်ယင်းဌာနဆိုင်ရာများသည် အနည်းဆုံး လုပ်ငန်းပေါင်း ၃၀ ခန့်ကို စည်းမျဉ်း၊ စည်းကမ်းနှင့်မညီဘဲ ဆောင်ရွက်ထားကြသည်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဌာနဆိုင်ရာများ၏ ဘဏ္ဍာရေး စည်းမျဉ်း၊ တင်ဒါ လုပ်ထုံး၊ လုပ်နည်း၊ စာချုပ် စည်းကမ်းများနှင့် မညီညွတ်သည့် လုပ်ဆောင်ချက်များကို ဌာနတစ်ခုချင်း အလိုက်ဖော်ပြပေးလိုက်ပါသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
ယင်းဌာနသည် လုပ်ငန်းခြောက်ခုအတွက် အထူးပြင်ဆင်/ ထိန်းသိမ်းစရိတ်၊ ကြိုတင်လစာ စသည်တို့မှ ပိုလျှံရန်ပုံငွေ ကျပ်သိန်း ၆၀ ကျော်အား ဘဏ္ဍာနှစ်မကုန်မီ မအပ်နှံဘဲ ၂၀၂၀ ပြည့်နှစ် မတ်လရောက်မှ အပ်နှံခဲ့သည်။

ယင်းအပြင် ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းတစ်ခုကို သတ်မှတ်စည်းကမ်းနှင့်မညီဘဲ ငွေအားလုံးထုတ်ပေးခဲ့သည်။ အမှန်မှာ လုပ်ငန်းပြီးစီးမှုပေါ်မူတည်ပြီး ၂၅ ရာနှုန်းစီခွဲကာ လေးကြိမ်ထုတ်ပေးရမည်ဖြစ်သည်။

ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
ယင်းရုံးသည် ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်း မြို့နယ်တို့တွင် အဝီစိရေတွင်း တူးဖော်ခြင်း၊ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်း စသည့် လုပ်ငန်းခြောက်ခုအတွက် တင်ဒါများ ခေါ်ယူ၊ ချထားပေးခဲ့သော်လည်း ယင်းလုပ်ငန်းများမှာ လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့သောကြောင့် ရန်ပုံ ငွေများကို ပြန်အပ်ခဲ့ရသည်။ သို့သော် တင်ဒါစာ ချုပ်အရ လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီများက အပ်နှံထားရမည့် လုပ်ငန်းပြီးမြောက်မှုအာမခံငွေ ကျပ်သိန်း ၉၀ ကျော်ကို သိမ်းဆည်းထားခြင်း မရှိကြောင်း ဖော်ပြထားသည်။

ယင်းအပြင် အခြားလုပ်ငန်း ၁၂ ခုမှာလည်း တင်ဒါတန်းဖိုး၏ ၅ ရာခိုင်နူန်းကို ငါးရက်အတွင်း ဗဟိုဘဏ်သို့ အပ်နှံရမည်ဖြစ်သော်လည်း သတ်မှတ်ရက်ထက်နောက်ကျပြီးမှ ပေးထားခြင်း၊ ကန်ထရိုက်လုပ်ငန်းရှင်အား လုပ်ငန်းပြီးစီးမှု အပေါ်မူတည်ပြီး ၂၅ ရာနှုန်းစီ လေးကြိမ်ပေးသွင်းရ မည်ဆိုသော်လည်း တစ်ကြိမ်တည်းပေးသွင်းထားသည့် လုပ်ငန်း ၁၅ ခု၊ နှစ်ကြိမ်ပေးသွင်းထားသည့် လုပ်ငန်း ၃၅ ခုအထိရှိနေသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ယင်းဌာနသည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးပြီးမှ ကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခဲ့သည်။ ယင်းအပြင် တင်ဒါအောင်ကုမ္ပဏီသည် တင်ဒါ အာမခံကြေးအဖြစ် ခန့်မှန်းလုပ်ငန်းတန်ဖိုး၏ ၁ ရာခိုင်နှုန်းကို ဗဟိုဘဏ်အား ပေးသွင်းရမည်ဖြစ် သော်လည်း ယင်းအာမခံကြေး မပေးသွင်းထားခြင်းတို့ ရှိနေသည်။

မီးသတ်ဦးစီးဌာန
ယင်းဌာနတွင်သုံးမည့် စားပွဲ၊ ခုတင်၊ ပေါင်ချိန်စက်တို့ကို ငွေလုံး၊ ငွေရင်းမှ အသုံးပြုရမည်ဖြစ်သော်လည်း သာမန်အသုံးစရိတ်မှ ပြောင်းလဲသုံးစွဲထားခြင်း၊ အရန်မီးသတ်ယူနီဖောင်း ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ကန်ထရိုက်နှင့် စာချုပ်ချုပ်ဆိုရာတွင် နောက်ကျဒဏ်ကြေးငါးသောင်းပေးချေရမည်ဟု ထည့်သွင်းချုပ်ဆိုထားသည်ဟုဆိုသည်။ ယင်းသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့်မညီပေ။

တင်ဒါတင်သွင်းသူသည် တင်ဒါအာမခံ ကြေးအဖြစ် ခန့်မှန်းလုပ်ငန်းတန်ဖိုး၏ ၁ ရာခိုင် နှုန်းကို ဗဟိုဘဏ်အား ပေးသွင်းရမည်ဖြစ်သော်လည်း ယင်းအာမခံကြေး မပေးသွင်းထားခြင်း၊ တင်ဒါတန်းဖိုး၏ ၅ ရာခိုင်နှုန်းကို ငါးရက်အတွင်း ဗဟိုဘဏ်သို့ အပ်နှံရမည်ဖြစ်သော်လည်း လုပ်ငန်း စာချုပ်မချုပ်ခင်ကတည်းက ယင်းအာမခံငွေများကို လုပ်ငန်းရှင်ကပေးသွင်းရမည်ဟု စာချုပ်ထဲ ထည့်သွင်းချုပ်ဆိုခဲ့သည်ဟုဆိုသည်။ ယင်းသည် ကန်ထရိုက်စနစ်ဖြင့် လုပ်ဆောင်ရမည့် စည်းကမ်းကို ဖောက်ဖျက်ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန်အတွက် မြေဖို့ခြင်း၊ ခြံစည်ရိုးကာရံခြင်း၊ ရေနုတ်မြောင်းတူး ဖော်ခြင်းအတွက် တင်ဒါအောင်ကုမ္ပဏီက ပေးသွင်းရမည့် လုပ်ငန်းပြီးမြောက်မှုအာမခံကြေး ကျပ် ၁၀ သိန်းကျော်မှာ ပေးသွင်းထားခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအပြင် သတ်မှတ်ရက်တွင် ပြီးစီးအောင် တည်ဆောင်နိုင်ခြင်းမရှိပါက နောက်ကျဒဏ်ကြေး ဝ ဒသမ ဝ၁ ရာနှုန်းသာပေးသွင်းရမည်ဖြစ်သော် လည်း စာချုပ်ထဲတွင်မူ မပြီးလျှင် တစ်ပတ် ကျပ် သုံးသိန်း ပေးသွင်းရမည်ဟု ထည့်သွင်းချုပ် ဆိုထားသည်။

မြိတ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
မြိတ်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် အသားစစ်ဆေးခရငွေများကို အနည်းဆုံး တစ်လ၊ အများဆုံးလေးလကြာမှ ပေးသွင်းထားသည်။ မြန်မာနိုင်ငံ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းအရမူ ဌာနဆိုင်ရာ ရငွေများကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဘဏ်သို့ ချက်ချင်း ပေးသွင်းရမည်ဖြစ်သည်။

ငါးလုပ်ငန်းဦးစီးဌာန
ကော့သောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီး ဌာနရုံးအား ၇၅ ရာခိုင်နှုန်းသာ ပြီးစီးအောင်ဆောက် ထားသဖြင့် သတ်မှတ်အချိန်အတွင်း အပြီးမဆောက်နိုင်ခြင်းမှာ ဘဏ္ဍာရေးစည်းမျဉ်းချိုး ဖောက်ခြင်းဖြစ်ကြောင်း စာရင်းစစ်ချုပ်အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

သတ်မှတ်ရက်တွင် ပြီးစီးအောင် မဆောင် ရွက်နိုင်ပါက ကုမ္ပဏီအား နောက်ကျဒဏ်ကြေး ပေးသွင်းခိုင်းရမည်ဖြစ်သော်လည်း ကန်ထရိုက် ကုမ္ပဏီနှင့် ချုပ်ဆိုသော စာချုပ်တွင်မူ ကုမ္ပဏီအား လုပ်ငန်းရပ်ဆိုင်းပြီး အမည်ပျက်စာရင်းသွင်းမည်ဟု ထည့်သွင်းချုပ်ဆိုထားသည်။

လုပ်ငန်းပြီးမြောက်မှုအာမခံငွေ တင်ဒါတန်ဖိုး၏ ၅ ရာခိုင်နူန်းကို ငါးရက်အတွင်း ဗဟိုဘဏ်သို့ အပ်နှံရမည်ဖြစ်သော်လည်း နှစ်လနှင့် ၁၈ ရက်ကြာမှ ပေးသွင်းထားခြင်းတို့ရှိနေသည်။

စိုက်ပျိုးရေးဦးစီးဌာန
အဆိုပါဌာနသည် စပါးအခြောက်ခံစက်တစ် လုံးဝယ်ယူရန်အတွက် ငွေကျပ် သိန်း ၃၀ ထုတ်ယူခဲ့သည်။ တစ်ဝက်ခန့်ကို ဝယ်ယူသည့်ဌာနသို့ ငွေပေးသွင်းထားပြီး ကျန်တစ်ဝက်ခန့်ကို နှစ်လ ကျော်ကြာ လက်ဝယ်ကိုင်ဆောင်ထားပြီးမှ ပေးချေခဲ့သည်။

နောက်တစ်ခုမှာ အဆောက်အဦ ပြင်ဆင်/ ထိန်းသိမ်းစရိတ် ငွေကျပ် သိန်း ၉၀ ကျော်ကို ခန့်မှန်းတွက်ချက်မှုမရှိဘဲ ထုတ်ယူသုံးစွဲခြင်း၊ လုပ်ငန်းမဆောင်ရွက်မီ အနည်းဆုံး ၁၂ ရက်မှ အများဆုံး သုံးလနီးပါးအထိ ယင်းငွေများကို ကိုင်ဆောင်သုံးစွဲထားသည်ဟုဆိုသည်။

သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ဝယ်ယူရာတွင် တင်ဒါအာမခံကြေး ၁ ရာခိုင်နှုန်းအား တင်ဒါမအောင်သည့် ကုမ္ပဏီများထံ ခုနစ်ရက်အတွင်း ပြန်ပေးရမည်ဖြစ်သော်လည်း သတ်မှတ်ရက်အတွင်းမပေးခဲ့ဘဲ စာရင်းစစ်ချုပ်ရုံး က စာရင်းစစ်ဆေးမှ ပေးသွင်းခဲ့သည်။

ယင်းအပြင် တင်ဒါအောင် ကုမ္ပဏီက ပေးသွင်းရမည့် စာချုပ်တန်ဖိုး၏ ၁၀ ရာခိုင်နူန်း (ကျပ်သိန်း ၆၀ ကျော်) ကိုလည်း တင်ဒါလုပ်ထုံး လုပ်နည်းနှင့် မညီညွတ်ဘဲ ပေးသွင်းထားသည်။

လောင်းလုံးမြို့ရှိ ဝန်ထမ်းအိမ်ရာရွှေ့ပြောင်း ဆောက်လုပ်ခြင်းတွင်လည်း ကနဦးအဆိုပြုချက်တွင် လုပ်ငန်းနှစ်ခုဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ခုတည်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ လုပ်ငန်းဒီဇိုင်းပြောင်းလဲ လုပ်ဆောင်ခြင်းကို တိုင်းအစိုးရအဖွဲ့အပါအဝင် တိုင်းရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာနတို့ထံ တင်ပြ ခဲ့ခြင်းမရှိဟုဆိုသည်။

ဆောက်လုပ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦမှာလည်း ယခင်တင်ပြထားသည် နှင့်မတူဘဲ ဒီဇိုင်းပြောင်းနေခြင်း၊ လူနေထိုင်ရန် မဖြစ်နိုင်ခြင်း၊ မျိုးစေ့သန့်စင်စက်ထားရှိ အသုံးပြုနေခြင်းတို့ကို စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ ရှိခဲ့သည်။ ယင်းကဲ့သို့လုပ်ဆောင်မှုသည် အသုံးစရိတ်အား အကျိုးရှိစွာ သုံးစွဲနိုင်ခြင်းမရှိသောကြောင့် တင်ဒါလုပ်ထုံး၊ လုပ်နည်းနှင့် မညီကြောင်း ထောက်ပြထားသည်။

ယင်းအပြင် ငွေကျပ် တစ်သိန်းနီးပါးကို ကျော်ဇေယျစပါး ၇၆ တင်းကြိတ်ခွဲခအဖြစ် ထုတ်ယူ သုံးစွဲထားသည်။ ယင်းနောက် ဆန် ၇၅ တင်းကို တစ်ဦးလျှင် ၂၄ ပြည်နှုန်းဖြင့် ဝန်ထမ်း ၅၀ ဦးအား ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။ သို့သော် အဆိုပါ စပါး ၇၆ တင်းရရှိခဲ့သည့် အထောက်အထားကို တင်ပြနိုင်ခြင်းမရှိဟုဆိုသည်။

စပါး ၇၆ တင်းကို ကြိတ်ခွဲလျှင် ဆန် ၇၅ တင်းရသည်ဆိုသည်မှာလည်း ဆီလျော်မှုမရှိ ဖြစ်နေပြန်သည်။ ဝန်ထမ်းများအား ခွဲဝေပေးသည် ဟုဆိုသော်လည်း အထောက်အထားကိုမူ တင်ပြ နိုင်ခြင်းမရှိဟုဆိုသည်။ ယင်းသို့ ထောက်ပံ့ပေးရန်လည်း ရုံးချုပ်ထံ ခွင့်ပြုချက်တောင်းခံခြင်းလည်း မရှိဟုဆိုသည်။

ကျွန်းစု စိုက်ပျိုးရေးဦးစီးဌာန
ယင်းဌာနသည် ရန်ပုံငွေခွင့်ပြုချက်မကျမီကပင် ရုံးအသုံးဆောင်ပစ္စည်းဝယ်ယူရန်အတွက် ငွေကျပ် ရှစ်သောင်းကို ထုတ်ယူသုံးစွဲထားသည်။ နောက်မှ ခွင့်ပြုရန်ပုံငွေရရှိခဲ့သည်။

ထိုအပြင် လစာ၊ ခရီးစရိတ်၊ လုပ်အားခ၊ ရုံးသုံးပစ္စည်း၊ စက်သုံးဆီ စသည့် အသုံးစာရိတ် များကို အနည်းဆုံးငါးရက်မှ အများဆုံး ၂၃ ရက်ခန့်အထိ ကြိုတင်ငွေထုတ်ယူသုံးစွဲခဲ့သည်။ ဘဏ္ဍာရေး စည်းမျဉ်းတွင်မူ ချက်ချင်းပေးချေ ရန်မလိုအပ်ဘဲ ငွေများကို ဘဏ်မှထုတ်ယူထားခြင်း မရှိရဟု ဖော်ပြထားသည်။

တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန
တိုင်းအားကစားဌာနသည် တင်ဒါလျှောက်လွှာ ၂၃ စောင်ရောင်းရငွေ ကျပ်ခြောက်သောင်း ကျော်အား ဘဏ်သို့ချက်ချင်း အပ်ရမည်ဖြစ်သော်လည်း တင်ဒါပိတ်အပြီး တစ်လခွဲကျော်ကြာမှ ပေး သွင်းခဲ့သည်။

တင်ဒါအောင်ကုမ္ပဏီအား လုပ်ငန်းအပ်နှံစာ ချုပ်ချုပ်ဆိုရာတွင် နောက်ကျမှုအတွက်ပေးချေရမည့် ဒဏ်ကြေးအား သတ်မှတ်စည်းကမ်းချက်နှင့် မညီဘဲ ကုမ္ပဏီဘက်က တစ်ရက်နောက်ကျလျှင် တစ်သောင်းနှုန်းပေးရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
သတ်မှတ်နေ့ရက်တွင် မပြီးစီးပါက နောက်ကျဒဏ်ကြေးအဖြစ် လက်ကျန်လုပ်ငန်း၏ ဝ ဒသမ ဝ၁ ရာနှုန်းကိုပေးဆောင်ရမည်ဖြစ်သည်။ သို့သော် တိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက နောက်ကျဒဏ်ကြေးအဖြစ် ခုနစ်ရက်လျှင် ကျပ် သုံးသိန်းနှုန်းပေးဆောင်ရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။ ယင်းသို့ထည့်သွင်းချုပ်ဆိုခဲ့သည့် လုပ်ငန်း ၁၀ ခုရှိသည်။

မြိတ်စည်ပင်သာယာရေးအဖွဲ့
ယင်းအဖွဲ့သည်ကန်ဖျားရပ်ကွက်ရှိ မူကြို ဆိုင်ခန်း ငါးခန်း၊ ရွှေကမ္ဘာလက်ဖက်ရည်ဆိုင် တစ်ဆိုင်၊ မြိတ်တောင်ရပ်ကွက် လေယာဉ်ကွင်း ဆိုင်ခန်းတစ်ခန်း ငှားရမ်းခြင်းအတွက် စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ ငှားရမ်းထားခဲ့သည်။

ကော့သောင်း စည်သာယာရေးအဖွဲ့
ကော့သောင်းစည်ပင်သာယာရေးအဖွဲ့သည် ပြပွဲ၊ ပြိုင်ပွဲ‌ ငွေစာရင်းခေါင်းစဉ်မှ ကျပ် ၁၀ သိန်း ကျော်ကို ခွင့်ပြုရန်ပုံငွေတွင် မပါဝင်ဘဲ ထုတ်ယူ သုံးစွဲခဲ့သည်။ သုံးစွဲပြီးနောက်ပိုင်းမှ ငွေစာရင်း ခေါင်းစဉ်ပြောင်းလဲ သုံးစွဲခွင့်ပြုပါရန်ဟု တိုင်းစည်ပင်သာယာရေးအဖွဲ့ထံ တင်ပြခဲ့သည်။

အထက်ဖော်ပြပါအချက်များသည် ပြီးခဲ့သည့်နှစ်နှစ်(၂၀၁၈-၁၉ ဘဏ္ဍာနှစ်)အတွင်း ဌာန ဆိုင်ရာများက ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ တင်ဒါလုပ်ထုံး၊ လုပ်နည်းများ၊ စာချုပ်ပါ စည်းကမ်းများကို ဘဏ္ဍာရေးစည်းကမ်းနှင့်မညီဘဲ ထည့်သွင်းချုပ်ဆိုနေမူများအကြောင်းကို တိုင်း စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားသည် များဖြစ်သည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာထူးနေအောင်ကမူ ဌာနဆိုင်ရာအချို့သည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် အခြားလိုက်နာရမည့် စည်းကမ်းချက်များနှင့်မညီဘဲ နှစ်တိုင်း လုပ်ဆောင်နေသည်ကို စာရင်းစစ်ချုပ်က အစီရင်ခံစာတင်သွင်းတိုင်းတွေ့နေရကြောင်း ပြောဆို သည်။

ယင်းကဲ့သို့ဖြစ်ရခြင်းမှာ တိုင်းအစိုးရ၏ စီမံ ခန့်ခွဲမှုအားနည်းမူကြောင့်ဖြစ်ကြောင်း ဒေါက်တာ ထူးနေအောင်က သုံးသပ်သည်။

“ဥပဒေစိုးမိုးမှုရှိရမယ်ဆိုပြီး၊ ဆောင်ရွက်မယ်ဆိုပြီး ကြွေးကြော်လာတဲ့အစိုးရ၊ ဒီအပေါ်မှာ အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းလို့သာ ဒီလိုမျိုး စာရင်းစစ်ချုပ်အစီရင်ခံစာစစ်လိုက်တိုင်းမှာ အမြဲတမ်းထွက်လာနေတာဖြစ်တယ်” ဟု ဒေါက်တာ ထူးနေအောင်က ဆိုသည်။

ယင်းကဲ့သို့ ဘဏ္ဍာရေး စည်းမျဉ်း၊ တင်ဒါ လုပ်ထုံး၊ လုပ်နည်း၊ စာချုပ် စည်းကမ်းများနှင့် မညီညွတ်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား အရေးယူသင့်သည်ဟု သူက ဆိုသည်။

“တကယ်အပြစ်ရှိပြီဆိုရင် နိုင်ငံ့ဝန်ထမ်း ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သင့်တယ်။ အဲဒါမှလည်း ပိုပြီးတော့ ထိရောက်မှာပေါ့။ တိုင်းပြည်ဘဏ္ဍာနဲ့ လုပ်တဲ့ ကိစ္စတွေလေ”

ကျော်သူစိုး