ကြံ့သူတော်မကလေး အကြီးစားခွဲစိတ်ကုသရန်လို

0
393
မျိုးတုံးလုနီး ကြံ့သူတော်

တောဝက်ထောင်ကိုင်းတွင်မိပြီး ဒဏ်ရာရနေသည့် ကြံ့သူတော်ကို ကြီးစားခွဲစိတ်မှုလုပ်ဆောင်ရန်လိုအပ်နေသဖြင့် မြန်မာနိုင်ငံတွင် ခွဲစိပ်ကျွမ်းကျင် ဆရာဝန်နှင့် ချိတ်ဆက်ပြီး ခွဲစိတ်နိုင်ရန် ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကြံ့သူတော် တစ်ကောင်ကို မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အမှတ် ၉ ကျေးရွာတွင် တောဝက်ထောင်ကိုင်းတွင်မိနေသည်ကို နိုဝင်ဘာလ ၃၀ ရက်က ဒေသခံ ရွာသား တစ်ဦးက တွေ့ရှိခဲ့ပြီး သစ်တောဦးစီးဌာနထံ အပ်နှံခဲ့သည်။

တောဝက်ထောင်ကိုင်းမိထားသည့် အမြင့် လေးပေ နီပါး၊ လုံးပတ် ခြောက် ပေ၊ အလျား ခြောက်ပေခွဲရှိ ကြံ့သူတော်မလေး၏ ညာဘက်အရှေ့လက်တွင် ဒဏ်ရာရရှိခဲ့သည်။

တောဝက်ထောင်ကိုင်းတွင် မျိုးတုံးလုနီး ကြံ့သူတော်တစ်ကောင်မိ

သစ်တောဦးစီးဌာနမှ ယင်းကြံ့သူတော်အား လက်ခံရရှိပြီးနောက် မြို့နယ်အဆင့် ဆရာဝန်တစ်ဦးနှင့် ဆေးဝါးကုသမှုပေးကာ ထားဝယ်မြို့ မိချောင်းလှောင်ကျေးရွာတွင်ရှိသည့် တနင်္သာရီသဘာဝကြိုးဝိုင်းစီးမံကိန်းထဲ က စခန်းတစ်ခုကို ဒီဇင်ဘာလ ၉ ရက်က ရောက်သွားခဲ့သည်။

လက်ရှိကုသပေးမှုသည် ပြည်မတည်၊ လောက်မတက်စေရန်နှင့် အနာအမြန်ဆုံးကျက်စေရန်အတွက် ကုသပေးထားသည့် အဆင့်သာရှိကြောင်း ဦးမြင့်သိန်းထွဋ်က ဆိုသည်။

“အခုက အနာကဟောင်းလောင်း ဖြစ်နေတာ။ ဒီအတိုင်းသာဆိုရင် အနာက နှစ်နဲ့ချီကြာသွားမှာ။ ဒီအတိုင်းတော့ အဆင်မပြေဘူး အကြီးစား ခွဲစိတ်မှု ပြန်လုပ်မှရမယ်” ဟု တိုင်းသစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦမြင့်သိန်းထွဋ်က ပြောသည်။

သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ဖူးပြီး ပြည်ပနိုင်ငံရောက်နေသည် ဆင်ကျွမ်းကျင်ဆရာဝန်တစ်ဦး၏ အကြံပေးချက်အရ ယင်းကဲ့သို့ အကြီးစားခွဲစိတ်မှုပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အကြီးစား ခွဲစိတ်မူမပြုမီ သွားလာနိုင်စေရန် အဆင့်မြင့် အကူကိရိယာ လည်း တပ်ဆင်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကြံ့သူတော်အားတွေ့ပြီး သစ်တောဌာနကို အပ်နှံခဲ့သည့် ဒေသခံရွာသားကိုလည်း သစ်တောဌာနဝန်ထမ်းများနှင့် အများပြည်သူ စုပေါင်းကာ ငွေကျပ် လေးသိန်းကျော်ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းအစိုးရကလည်း ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့သည်။

ကြံ့သူတော်မလေး ကျန်းမာရေး ပြန်ကောင်းလာချိန်မှ သစ်တောဦးစီးဌာန ရုံးချုပ်ညွန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းသစ်တောဦးစီးဌာနထံမှသိရသည်။

မျိုးသုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကြံ့သူတော်များကို တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့တွင် မကြာခဏတွေ့ရလေ့ရှိသည်။

၂၀၁၇ ခုနှစ်က ကြံ့သူတော် အထီးလေးတစ်ကောင်ကို ကော့သောင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ပေးခဲ့ဖူးသည်။

ကျော်သူစိုး