ငှက်သိုက်ဈေးမကောင်းသဖြင့် ငှက်သိုက်မကောက်ဘဲ ငှက်မွေးနေကြ ဟုဆို

0
179
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလအတွင်း ငှက်သိုက်ဈေး ကျဆင်းနေသဖြင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ငှက်သိုက်မွေးသူ အချို့သည် ငှက်သိုက်မကောက်တော့ဘဲ ငှက်မွေးမြူနေကြကြောင်း ငှက်သိုက်မွေးသူ ဒေသခံအချို့ထံမှ သိရသည်။

ကိုဗစ်ကာလအတွင်း ခရီးသွားလာရေး အဆင်မပြေသဖြင့် တနင်္သာရီ ဒေသခံများအနေနှင့် မြိတ်မြို့သို့ ကိုယ်တိုင် ငှက်သိုက်သွားမရောင်းနိုင်ဘဲ မြိတ်မှ လာဝယ်သူများပြောသည့် ဈေးနှုန်းအတိုင်း ရောင်းချနေကြရကြောင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာသား ဦးထွန်းဦး က ပြောသည်။

ကိုဗစ်မတိုင်ခင်က တစ်ပိဿာလျှင် သိန်းနှစ်ဆယ်ဝန်းကျင်ရရှိသော ငှက်သိုက်သည် ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း သုံးသိန်းခန့်ကျဆင်းသွားကြောင်း ညောင်ပင်ကွင်းရွာနေ ဒေါ်မိချိုက ပြောသည်။

မြိတ်ဘက်တွင်သွားရောင်းပါက ဈေးကောင်းရနိုင်သော်လည်း ကိုဗစ်ကန့် သတ်ချက်များကြောင့် ဒေသခံများက သွားမရောင်းကြဘဲ မြိတ်ဘက်မှ လာဝယ်သူများကိုသာ ထုတ်ရောင်းနေကြကြောင်း ငှက်သိုက်လုပ်ငန်းလုပ်ကိုင် နေသူအချို့က ပြောသည်။ ထုတ်ရောင်းသူအများစုမှာ စားဝတ်နေရေး အခက် အခဲရှိသူများဖြစ်ကြောင်းလည်း ပြောဆိုကြသည်။

မြိတ်ဘက်မှ လာဝယ်သူများသည် ဈေးနှိမ်ပြီး ဝယ်ယူကြသဖြင့် အချို့က မရောင်းဘဲ သိမ်းထားကြသည်။ အချို့က ငှက်သိုက်ကိုပင် မကောက်တော့ဘဲ ငှက်သိုက်အိမ်အတွင်း ငှက်အဝင်များ လာစေရန် ဆောင်ရွက်နေကြောင်း ပြောဆိုကြသည်။

ငှက်သိုက်ကို မကောက်ဘဲ ထားပါက ဇီဝဇိုးငှက်များသည် အခြားငှက်သိုက်သို့ ပြောင်းသွားခြင်းမရှိတော့ဘဲ နောက်ပိုင်းတွင် ငှက်သိုက်ပိုရလေ့ရှိကြောင်း ထုံမခါကျေးရွာသား ငှက်သိုက်မွေးသူ ဦးကျော်လှက ပြောသည်။

ကာလတာရှည်စွာ ငှက်သိုက်ဈေး ကျနေပါက ငှက်သိုက်ကိစ္စ စီမံခန့်ခွဲနေသည့် သစ်တောဦးစီးဌာနအနေဖြင့် သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီး ဈေးနှုန်းတစ်ခု သတ်မှတ်ပေးသင့်ကြောင်း ထုံတော် ကျေးရွာသား ဦးစိုးနိုင်က ဆိုသည်။

အောင်ဆန်းဦး