တောဝက်ထောင်ကိုင်းတွင် မျိုးတုံးလုနီး ကြံ့သူတော်တစ်ကောင်မိ

0
660
မျိုးတုံးလုနီး ကြံ့သူတော်

မျိုးတုံးလုနီး အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ကြံ့သူတော်အမ တစ်ကောင် အားမြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အမှတ် ၉ ကျေးရွာအုပ်စု၊ အမှတ် ၉ ကျေးရွာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးထံမှ သိရသည်။

အဆိုပါ အမှတ် ၉ ကျေးရွာရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူတစ်ဦးက ခြံအစပ်တစ်နေရာတွင် တောဝက်ထောင်ကိုင်းမှ ရှေ့ခြေတစ်ဖက်ကြိုးကွင်းစွတ် ဒဏ်ရာရနေသည့် ကြံ့သူတော်အား တွေ့ရှိသဖြင့် ဥယျာဉ်ထဲသို့ခေါ်ဆောင်လာခဲ့ကြောင်း အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောပြသည်။

“ထောင်ထားတဲ့သူကတစ်ယောက်၊ တွေ့တဲ့သူကတစ်ယောက်” ဟု အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

နှာမောင်းအတိုပါ အမြင့် လေးပေ နီပါး၊ လုံးပတ် ခြောက်ပေ၊ အလျား ခြောက်ပေခွဲရှိပြီး အဖြူနှင့် အမည်း နှစ်ရောင်စပ်ထားသည့် ကြံ့သူတော်တွင် ကြိုးကွင်းအနာဒဏ်ရာကြောင့် အသားတချို့ပုတ်ကာ အရိုးပေါ်နေခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောပြသည်။

အဆိုပါ ကြံ့သူတော်အား တနင်္သာရီမြို့နယ် သစ်တောဌာနနှင့် မွေးကုဌာနတို့မှ လာရောက်စစ်ဆေးကာ အသားပုတ်နေသည့်နေရာအား ဖြတ်တောက် ကာ ဆေးဝါးကုသမှုပေးခဲ့ပြီး ဒဏ်ရာသက်သာပျောက်ကင်းသည့်အချိန်တွင် ဘေးမဲ့တော၊ တိရစ္ဆာန်ဥယျာဉ် စသည့် နေရာတို့အား ပို့ဆောင်ရန်စီစဉ်နေကြောင်း အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောပြသည်။

တနင်္သာရီဒေသတွင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရှားပါးမျိုးစိတ် ဝင်များတွင် ကျား၊ အာရှဆင်၊ ပြောင်၊ ဆတ်၊ ဝက်ဝံ စသည့် မျိုးစိတ်များနှင့်အတူ ကြံ့သူတော်လည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းရန် အန္တရာယ်ရှိသဖြင့် လုံးဝ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် များ ၅၇၇ မျိုးအနက် နို့တိုက်သတ္တဝါဖြစ်သည့် ကြံ့သူတော်ပါဝင်ကြောင်း သယံဇာတနှင့် ယသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနက ၂၀၂၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့ပြင် သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ၃၁၈ မျိုးနှင့် ရာသီအလိုက် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန် ၉၁၄ မျိုးပါဝင်ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်ဒေသတို့တွင် ကြံ့ သူတော်များကို တွေရလေ့ရှိသည်။

မြင့်မိုရ်(မြိတ်)