မွေးကင်းစကလေး သေဆုံးမှု အမှုဖွင့်ထား

0
209
Dawei Watch, Dawei News, Dawei News Media

မွေးကင်းစကလေး အလောင်းစွန့်ပစ်ခံရပြီး သေဆုံးမှုအပေါ် ပြည်ကြီးမဏ္ဍိုင် ရဲစခန်းတွင် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာ တံတားအနီး မြစ်ကမ်းနံဘေးတွင် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်တွင် စွန့်ပစ်ထားသည်ကိုတွေ့ရှိရပြီး ကလေးငယ်၏ နှာခေါင်းနှင့်ပါးစပ်တွင် သွေးစများတွေ့ရှိရသဖြင့် ဓမ္မတာအရသေဆုံးခြင်း မဖြစ်နိုင်ဟု ရွာသားများက ဝေဖန် ခဲ့ကြသည်။

“ရိုးရိုးသေတာဆို နှာခေါင်းတို့ ပါးစပ်တို့မှာ သွေးထွက်စရာ အကြောင်းမရှိဘူး” ဟု အသက် ၅၀ ခန့်ရှိ ကလေးအလောင်းကို မြင်တွေ့ခဲ့ရသူ ရွာသား တစ်ဦးက ပြောသည်။

စွန့်ပစ်ထားသည့်ကလေးအလောင်းကို တောင်ငယ်ကျေးရွာနေ ရပ်မိရပ်ဖအပါအဝင် ရွာသားသုံးဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမြင်မတော်သည့်အတွက် ၎င်းတို့မှ ရွာသချိုင်းတွင် သွားရောက်မြှုပ် နှံခဲ့ကြကြောင်း ကာယကံရှင်များထံမှ သိရသည်။

စွန့်ပစ်သည့်အမျိုးသမီးမှာ ကလေးလေးဦး၏မိခင် အသက် ၃၃ နှစ်ခန့်ရှိ တောင်ငယ်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ကလေးအသေမွေးခဲ့သည့်အတွက် စွန့်ပစ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းမှသိရသည်။

ကလေးတွေ့ရှိသည့် နေ့ နံနက် ၅ နာရီခန့်တွင် မွေးကင်းစကလေးတစ်ဦး၏ ငိုသံကို ကြားခဲ့ရသည်ဟု အိမ်နီးချင်းအချို့ကလည်း ဆိုသည်။

ယင်းနောက် ဘုတ်ပြင်းမြို့နယ် ရဲစခန်းနှင့် တာဝန်ရှိသူများမှ အလောင်းအား ပြန်လည်တူးဖော်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်နေ့အထိ ဆက်သွယ်မေးမြန်းချက်အရ ဆေးစစ်ချက် အဖြေသိရှိရခြင်း မရှိသေးဟု ရဲစခန်း တာဝန်ရှိသူက ပြောသည်။

“အမှုကတော့ ကျွန်တော်တို့အပိုင်း က စစ်ဆေးဆောင်ရွက်နေဆဲပါ” ဟု ပြည်ကြီးမဏ္ဍိုင်မြို့နယ် ရဲစခန်းမှူး ရဲအုပ် ကျော်သူအောင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ကြီးမဏ္ဍိုင်ရဲစခန်း ဒုရဲအုပ်မြင့်စိုးမှ ပုဒ်မ ၃၁၈ ဖြင့်တရားလိုလုပ်ကာ တိုင်တန်းထားကြောင်း ရဲဌာနမှသိရသည်။

လက်ရှိအချိန်တွင် အဆိုပါကလေး စွန့်ပစ်သူမှာ နေအိမ်တွင်အာမခံဖြင့် နေထိုင်နေကြောင်း သိရသည်။