ကျောက်ငါးဈေး ထိုးကျ

0
529

ကော့သောင်းဈေးကွက်နှင့် ထိုင်းနိုင်ငံဈေးကွက်တွင် ကျောက်ငါးဈေး ထိုးကျနေပြီး အရောင်းအဝယ်ရပ်ဆိုင်း လုနီးဖြစ်လာသည်ဟု ကော့သောင်း ဒေသခံအချို့နှင့် ရေလုပ်ငန်းလုပ်ကိုင် သူအချို့က ပြောသည်။

ပင်လယ်ရေပြင်တွင် ပေါ်နေသည့် ကျောက်ငါးနမူနာနှင့် ပင်လယ်ရေနမူနာ ကို ရန်ကုန် ငါးပညာဌာန၊ ရန်ကုန် တက္ကသိုလ်နှင့် ငါးလုပ်ငန်းဦးစီးဌာနသို့ နိုဝင်ဘာ ပထမအပတ်က ပေးပို့စစ်ဆေး ခဲ့သည်။

ယင်းဌာနသုံးခု၏ ဓာတ်ခွဲအဖြေ အရ ကျောက်ငါးတွင် အသည်းအနည်း ငယ်ကြီးနေပြီး ပင်လယ်ရေတွင် မာကျူရီ -ပြဒါး(Merucry) ပါဝင်မှုမှာ ရှိသင့်သည့်နှုန်းထက်မြင့်နေသည်ကို တွေ့ရှိရ သည်ဟု ငါးလုပ်ငန်းဦးစီးဌာနက နိုဝင်ဘာ ဒုတိယအပတ်က ထုတ်ပြန်ထားသည်။

ကော့သောင်းပင်လယ်ပြင်မှ ကျောက်ငါးများ စားသုံးရန်မသင့်ဟုဆို

ယင်းသို့ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကော့သောင်းဈေးကွက်နှင့် ထိုင်း နိုင်ငံဈေးကွက်တွင် ကျောက်ငါး ဝယ်သူနည်းသွားပြီး ဈေးနှုန်းသိသိသာသာ ထိုးကျသွားသည်ဟု ဒေသခံရေလုပ်သား အချို့နှင့် ဒေသခံရွာသားအချို့က ပြော သည်။

ယခင်က ကျောက်ငါး တစ်ကီလို လျှင် အမျိုးအစားနှင့် အရွယ်အစား အလိုက် ထိုင်းဘတ် ၈၀ မှ ၁၅၀ ခန့်ဖြင့် ဈေးကောင်းရသော်လည်း ယခုအခါ တစ်ကီလိုလျှင် ၃၀ ဘတ်မှ ၄၀ ဘတ်ခန့် သာရသည်ဟု ကြားသိရကြောင်း ကော့သောင်းမှ ရေလုပ်ငန်းလုပ်ကိုင်နေသူ ကိုသက်စိုးက ပြောသည်။

“တော်တော်လေးကို ဈေးနှိမ်ထား တယ်ပေါ့နော်။ တချို့ကလည်း ဝယ်တယ် ဆိုပြောတယ်။ တချို့ကလည်း မဝယ်ဘူး ဆိုပြောတယ်။ ကျွန်တော် မှာတုန်းကတော့ တစ်ကီလိုကို (ကျပ်)ငါးထောင် (၁၁၆ ဘတ်)နဲ့ရောင်းလိုက်ရသေးတယ်။ နောက်ဆိုနဲ့ သတင်းကြားလိုက်တယ်။ ကျောက်ငါးတွေကို ရှမ်းဘက်က မဝယ် တော့ဘူးဆိုပြီးတော့၊ ဝယ်လည်း ဘတ်သုံးလေးဆယ်ပဲ ပေးတယ်ဆိုတယ်” ဟု ကိုသက်စိုးက ဆိုသည်။

ကော့သောင်းပင်လယ်ရေပြင်တွင် အသက်ရှင်လျက်အနေအထားဖြင့် ပေါလော ပေါ်နေသည့် ကျောက်ငါးများကို ထိုင်းဘက်က ဝယ်မရဲဘဲဖြစ်နေသည်ဟု ထားဝယ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ဆိုသည်။

“လုံးဝ မဝယ်တာတော့ မဟုတ်ဘူး။ ဈေးက ပြုတ်ကျသွားတာပေါ့။ ပေါက် ဈေးမဟုတ်တော့ဘူးပေါ့” ဦးကျော်ကျော် သက်က ပြောသည်။

ထိုင်းဘက်က ဝယ်မရဲဘဲဖြစ်နေသဖြင့် ဈေးနှုန်းထိုးကျလာမှုကြောင့် မြှုံး လှေများတွင် ထိခိုက်မှုများရှိလာသည်ဟုလည်း ဦးကျော်ကျော်သက်က ဆိုသည်။

လက်ရှိတွင် ကျောက်ငါးများ ရေတွင်ပေါ်လာမှု နည်းသွားပြီး ဈေးကွက်တွင် ရောင်းမသဖြင့် အချို့က ငါးခြောက်လုပ်ထားကြသည်ဟု ကော့သောင်း၊ မကြုံ ကလက်ကျေးရွာ ဆယ်အိမ်မှူး ဦးကြည်ဝင်း က ပြောသည်။

ကျောက်ငါးတွင် မာကျူရီပါဝင်မှု မြင့်တက်နေသည်ဆိုသည်ကို အကြောင်း ပြု၍ စီးပွားရေးသမားများက အခြားငါး ဈေးကွက်ရှိ ရေထွက်ပစ္စည်းဈေးနှုန်းများကိုပါ ဆွဲချသွားမည်ကို ကော့သောင်း၊ မကြုံကလက်ကျေးရွာမှ ရေလုပ်ငန်းလုပ် ကိုင်နေသူ ကိုချိုလွန်းက စိုးရိမ်နေသည်။

“ကျွန်တော်တို့ကဖြစ်စေချင်တာကတော့ ဒီငါးတင်မဟုတ်ဘဲ ကျန်တဲ့မြှုံး ငါးတွေ၊ ကမာလိုဟာမျိုးပေါ့ အဲဒါတွေကိုပါ စစ်ဆေးစေချင်တယ်ပေါ့နော်” ကိုချိုလွန်းက ပြောသည်။

ထို့အပြင် အစိုးရအနေနှင့် နိုင်ငံ ခြားပညာရှင်များကို ဖိတ်ခေါ်၍ ကျောက်ငါးနှင့် ပင်လယ်ရေတွင် မာကျူရီရှိသင့်နှုန်းထက် မြင့်တက်နေမှုမှာ မည်သည့် အတွက်ကြောင့်ဖြစ်သည်ကို အဖြေရှာ သင့်သည်ဟု ကိုချိုလွန်းက အကြံပြုပြော ဆိုသည်။

ကော့သောင်းခရိုင် ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ လငန်းကျွန်း၊ ပုလဲကျွန်းနှင့် ပါချန်မြစ်များတွင် တန်နှင့်ချီသည့် ကျောက်ငါးမျိုးစိတ်များ ပင်လယ်ရေပြင်တွင် မသေမရှင်အနေအထားဖြင့်‌ ရေစီးအတိုင်းမျောပါနေ သည်မှာ စက်တင်ဘာလ ပထမအပတ်ကတည်းက ဖြစ်သည်။

မိုးမြင့်