မြို့ပြကြီးများအတွက် ကျန်းမာ အသက်ရှည်ဆေး ငါးဖုံ

0
568

ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်မှာ ယခုအခါတွင် မြို့ကြီးပြကြီးများတွင် နေထိုင်လျက်ရှိကြပါသည်။ လာမည့် သက္ကရာဇ် ၂၀၅၀ ခု သို့ရောက်သော် ယခုရှိဆဲ မြို့ပြနေလူဦးရေထက် ၆၈ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်း ထားကာ မြို့ပြများဖြစ်ထွန်းကြီးမားလာမှုသည် ကမ္ဘာပေါ်တွင် အပြောင်းအလဲအဖြစ်ဆုံး ခေတ်ရေစီးများထဲမှတစ်ခု ဖြစ်လာနိုင်ပေသည်။

မြို့ကြီးပြကြီးများမှထွက်သော စွန့်ပစ်ပစ္စည်းများမှာ ကမ္ဘာတစ်လွှားရှိ စွန့်ပစ်ပစ္စည်း အမှိုက်များ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းရှိနေနှင့်ပြီးဖြစ်သလို ကမ္ဘာ့ စွမ်းအင်များ၏ ၈၀ ရာခိုင်နှုန်း နီးပါးကိုလည်း ထိုမြို့ပြကြီးများက သုံးစွဲနေပေသည်။ မြို့ကြီးပြကြီးများလျင်မြန်စွာဖြစ် ထွန်းကြီးမားလာမှုသည် အိမ်ရာ ပြဿနာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ လမ်း၊ တံတား၊ လျှပ်စစ်၊ ဆေးရုံ အစရှိသော အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များအတွက် ဆန်းသစ်သော အဖြေများရရှိရန် အပြောင်းအလဲ ဖြစ်စေသည့် အရာတစ်ခုဖြစ်လာခဲ့သော်လည်း ပဓာနကျသော ကဏ္ဍတစ်ရပ်မှာ အပြောင်းအလဲဖြစ်ရန် မကြာခဏ ကျန်ကျန်နေခဲ့ပေသည်။ ယင်းကဏ္ဍမှာ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝ ရေးဖြစ်ပါသည်။

ကံမကောင်း အကြောင်းမလှစွာပင် မြို့ပြကြီးများ၏ နေထိုင်စားသောက်ပုံ မှာ ကျန်းမာရေးအတွက် မသင့်လျော်လှသော စားသောက်မှုပုံစံမျိုး မကြာခဏဆိုသလိုပင် ဖြစ်နေတတ်ခြင်းဖြစ်သည်။ သာဓက ပြရသော် မြို့ပြနေပြည်သူများအဖို့ အသင့်စား စားစရာများ၊ ခေါက်ဆွခြောက်များ၊ ရပ်ဝေးမှတင်ပို့လာသော ရေခဲရိုက်အစားအစာများ အစရှိသဖြင့် အလွယ်တကူရနိုင်သည့် စားသောက်ကုန်များ စုံလင်စွာ ဝယ်ယူရရှိနိုင်ခြင်းသည် ချက်ပြုတ်ရန် အချိန်မပေးနိုင်၊ သန့်ရှင်း၍ အာဟာရရှိသော စားစရာများကိုသာ ရွေးချယ်စားသောက်ရန် အခွင့်မသာသော အိမ်ထောင်စုများအဖို့ ယင်းတို့၏ နေ့စဉ် အားထားမှီခိုနေရသော အခွင့်အလမ်းများဖြစ်နိုင်သည်။

မြို့ပြဧရိယာများကျယ်ပြန့်လာခြင်း တစ်နည်းအားဖြင့် အိမ်ရာများများပြား လာခြင်း၊ ကိုယ်ပိုင်မော်တော်ယာဉ်များ ပေါများလာခြင်း အစရှိသည်တို့သည် သစ်တောဧရိယာ၊ ရေ၊ အစရှိသော သဘာဝအရင်းအမြစ် သယံဇာတသုံးစွဲမှု ကို များပြားလာစေကာ မြို့ပြနေ လူ့အဖွဲ့အစည်းများအတွက် ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်များ၏ ဒဏ်ကို ပိုမို ခံရနိုင်ဖွယ်ရှိလာစေနိုင်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ကျန်းမာရေးနှင့်လျော်ညီသော အထောက်အပံ့ဖြစ်စေသော၊ အနာဂတ်မျိုးဆက်သစ်များအတွက် ရေရှည်တည်တံ့သော မြို့ပြကြီးများဖြစ်လာစေရန် ဆန္ဒရှိကြလျှင် ကျွန်ုပ်တို့လက်ရှိ နေထိုင်လျက်ရှိသော မြို့ပြကြီးများ၏ လှုပ်ရှားလည် ပတ်နေသည့် နည်းလမ်းပုံစံများကို ပြန်လည်၍ သုံးသပ် ဆန်းစစ်ကြရပေမည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) ၏ မြို့ပြစားနပ် ရိက္ခာအစီအစဉ်က မြို့ပြစီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် စားနပ်ရိက္ခာဖူလုံ ရေးစနစ်များ ပါဝင်ထည့်သွင်းလာနိုင်ရန် ကမ္ဘာတစ်ဝန်းရှိ မူဝါဒချမှတ်သူများကို အကူအညီပေးလျက်ရှိပါသည်။

အောက်ပါနည်းလမ်း ငါးသွယ်မှာ မြို့ကြီးပြကြီးများ ပိုမို၍ ကျန်းမာလာ စေရန် တစ်နည်း မြို့နေလူထုအတွက် ကျန်းမာရေးကောင်းစေသော ဝန်းကျင် မျိုးဖြစ်လာစေရန်နှင့် ပိုမို၍ အရှည်တည် တံ့လာနိုင်သော မြို့ပြအခြေအနေမျိုးဖြစ်လာစေရန် ကျွန်ုပ်တို့ကြံဆအားထုတ်နိုင်သော နည်းများဖြစ်ပါသည်။

၁။ မြို့ပြစိုက်ပျိုးရေးကို အားပေးပံ့ပိုးခြင်း
အများအားဖြင့်မူ စိုက်ပျိုးရေးအကြောင်းကို စဉ်းစားကြသောအခါ ကျေးလက်တောနယ်ဒေသများအကြောင်းကိုသာ တွေးမိတတ်ကြပါသည်။ သို့ရာ တွင်ကား သန်းပေါင်း ၈၀ဝ ကျော်သော ကမ္ဘာတလွှားမှ လူများသည် မြို့ပြ စိုက်ပျိုးရေးကို လုပ်ကိုင်နေနှင့်ကြပြီဖြစ်ပါသည်။

မြို့ပြများရှိ စိုက်ကွင်းများ စိုက်ပျိုးရေး ဧရိယာများတွင် ကောင်းမွန်ကျနစွာ ထိန်းသိမ်း စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို မြို့ပြနေစားသုံးသူများထံ ပို့ဆောင်ပေးရာတွင် ဖြတ်သန်းရသော အဆင့်များစွာကို လျှော့ချနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ထွက်ကုန်များကို ကျေးလက်နယ်မှ မြို့ပြများသို့ သယ်ယူပို့ဆောင်ရသည့် ခရီးတာကို လျှော့ချနိုင်ခြင်းကြောင့် ယာဉ်များ လျှော့သုံးနိုင်ကာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်း အစရှိသော ကောင်းကျိုးများရနိုင်သည်။ ထို့အပြင် မြို့ပြအနီးတစ် ဝိုက်ပင် ပိုမိုလတ်ဆတ်သော သစ်သီးဝလံ အရွက်များ စိုက်ပျိုးထုတ်လုပ် ခူးဆွတ် ရောင်းချနိုင်ခြင်းကြောင့် အစားအစာဖြန့် ဖြူးခြင်းကြောင့်ဖြစ်ရသော သဘာဝ ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုကို လျှော့ချနိုင်ခြင်း၊ မြို့ပြနေပြည်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ စိုက်ပျိုးခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ ပို့ဆောင်ပေးခြင်း အစရှိသော အလုပ်အကိုင်အခွင့်အလမ်းများပင် တိုးလာစေနိုင်ခြင်းနှင့် အာဟာရပြည့်ဝ လတ်ဆတ်သော အစားအစာများကို ပိုမို၍ လက်လှမ်းမီလာနိုင်ခြင်း အစရှိသော အကျိုးများ လည်း ရနိုင်ပေသည်။

ကိုလံဘီယာနိုင်ငံရှိ နြိနူငည အမည်ရ မြို့ပြနေရာတစ်ခုတွင် ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက မြို့ပြရပ်ကွက်များအတွင်း စိုက်ခင်း ဥယျာဉ်များ ဖြစ်လာစေရန် ပံ့ပိုးနေခဲ့ပါသည်။ စာရင်းများအရဆိုလျှင် မိသားစုပေါင်း ၇၅၀ဝကျော်မှာ ထိုစိုက်ခင်း ဥယျာဉ်များထံမှ အထောက်အပံ့များရနေသည် ဟုဆိုသည်။ ထိုမိသားစုများမှာ စိုက်ခင်း များ ဥယျာဉ်များတွင် ယင်းတို့၏ အပင်များ မိသားစုဖူလုံရုံမက ရောင်းနိုင်ရန်ပါ ပိုပိုလျှံလျှံ စိုက်ခွင့်ရကြသည်။ ထိုစီမံချက် မျိုးမှာ အလွန်ပင်အောင်မြင်ခဲ့၍ ယခု အခါတွင် အလားတူ မြို့ပြစိုက်ခင်း ဥယျာဉ်တည်ထောင်သည့် စီမံချက်မျိုး ကို ကိုလံဘီယာနိုင်ငံ အနှံ့လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အစိုးရတာဝန်ရှိသူ များက ဦးဆောင်ကာအားထုတ်ကြိုးပမ်း လျက်ရှိသည်ဟုဆိုပါသည်။

၂။ ကျန်းမာစေသော အစားအသောက် အမူအကျင့်ဖြစ်လာစေရန် အားပေးခြင်း
ဘဝနေထိုင်မှုပုံစံများနှင့် အစား အသောက်အမူအကျင့်များသည် မိမိတို့ ဒေသတွင် ရရှိနိုင်သော၊ ဝယ်ရန်တတ်နိုင်သော အစားအစာအမျိုးအစားများစွာနှင့် များစွာ သက်ဆိုင်နေပေသည်။ မြို့ကြီးပြကြီးများတွင်မူ အသင့်စား အစားအသောက်များ၊ အလွယ်ဝယ်စား၍ရသော စားသောက်ကုန်များနှင့် ရရှိနိုင်သော အစားအစာအမျိုးအစားများ မှာ အလွန်ပင် ရွေးချယ်စရာများနေနိုင် တတ်ပေသည်။ ယင်းအစားအသောက်များသည် အများအားဖြင့် ဆင့်တက်ပြု ပြင်မှုများစွာပြုလုပ်ထားကာ ကယ်လိုရီများစွာ ပါဝင်တတ်ပေသည်။ ထို အသင့် စား အစားအသောက်များ ပေါပေါ များများရှိလာ၊ စားလာကြသည်မှာ ယနေ့တွင် ပို၍ များလာနေပေသည်။

ဝင်ငွေ အလည်အလတ် နိမ့်သော ဖွံ့ဖြိုး ဆဲနိုင်ငံများတွင်မူ ပြုပြင်ထား၍ အာဟာရ တန်ဖိုးနည်းလှသော အစားအစာမျိုး စားကြသည့်နှုန်းမှာ ၁၉၉၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ၅ဒသမ၄၅ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးလာနေသည်ဟု ဆိုသည်။ ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ အစိုးရများနှင့် မြို့ပြ အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် အာဟာရချို့တဲ့ခြင်းနှင့်စပ်သော ပြဿနာ များအပြင် တိုးလာနေသည့် အဝလွန်ခြင်း မျိုးကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ဖြေရှင်း နေကြရသည်။

သို့ရာတွင်မူ မြို့ပြများအားလုံးသည် ကျန်းမာသော နေထိုင်စားသောက် မှုပုံစံမျိုးဖြစ်လာရေးအတွက် အရေးပါလှသော နေရာတွင် ရှိနေနိုင်ပါသည်။ ၂၀၁၄ ခုနှစ်က စင်ကာပူသည် ပြည်သူများ အစားအသောက်အမူအကျင့် တော်တည့် မှန်ကန် လာစေရန် အစီအစဉ်ချမှတ် လုပ်ဆောင်ခဲ့သည်။ အစားအသောက် ရောင်းချသောဆိုင်များကို အစိုးရ၏ထောက်ပံ့ကြေးများပံ့ပိုးကာ အစား အသောက်များထဲတွင် ပါဝင်သော အမယ်များတွင် အဆီများကို လျှော့စေခြင်း၊ ကယ်လိုရီနည်းသည့် အစားအသောက်များရောင်းချခြင်းကို အားပေးခြင်းမျိုးပြုလုပ်ခဲ့၏။ တစ်နှစ်မျှအကြာတွင်မူ စားသောက်ဆိုင်များ၏ ရရှိနိုင်သော အစားအစာများစာရင်းတွင် ပိုမိုကျန်းမာစားဖွယ်ရာ ဟင်းလျာစာရင်းမှာ နှစ်ဆ တိုး၍လာခဲ့တော့သည်။

၃။ အစားအစာအလေအလွင့်ဖြစ်မှုကို လျှော့ချခြင်းနှင့်စီမံခြင်း
မြို့ပြနေပြည်သူတို့သည် ကမ္ဘာတစ်ဝန်းထုတ်လုပ်နေသော အစားအစာများ၏ ၇၀ ရာခိုင်နှုန်းလောက်အထိကို စားသုံးနေကြ၏။ သို့ရာတွင် မည်မျှ အလေအလွင့်ဖြစ်သွားသနည်း။ လွှင့်ပစ်ခံနေရသနည်းဟူသည်ကား မေးဖွယ်ရှိပေသည်။ အစားအစာများ အလဟဿ ဖြစ်ရမှုမှာ တစ်နေရာနှင့်တစ်နေရာတူ မည်မဟုတ်သည်ကို နားလည်နိုင်ပါသော်လည်း ယေဘုယျဆိုရသော် စီမံမှု အားနည်းခြင်း၊ ထုပ်ပိုးမှု မကောင်းမွန်ခြင်း၊ သိုလှောင်မှု မမှန်ကန်ခြင်းနှင့် ဓလေ့ရိုးရာအချို့ကြောင့် အလဟဿ ဖြစ်နေရခြင်းများ ရှိနေပေသည်။

ထို့အပြင် အစားအစာများအလဟဿဖြစ်၍ ပစ်ရလျှင် အခြားသော သတ္တု၊ ပလပ်စတစ်တို့ကဲ့သို့ အလွယ်ပြန်သုံး၍ရသော အရာမျိုးမဟုတ်ပေ။ ထိုအစားအသောက်များ ပျက်စီးလာသော အခါ မီသိန်းဓာတ်ငွေ့ ဖန်လုံအိမ် အာနိသင်ဖြစ်သော အငွေ့မျိုးထွက်သည်ဖြစ်၍ ယင်းတို့သည် ကာဗွန်ဒိုင်အောက် ဆိုဒ် ဓာတ်ငွေ့ထက်ပင် ကမ္ဘာကြီးအတွက် အန္တရာယ်ရှိပေသေးသည်။ ဤသို့ အစားအစာများ အလေအလွင့်ဖြစ်သွားရခြင်းသည် အမှိုက်ဖြစ်သွားရုံသာမဟုတ်ပေ။ စွမ်းအင်ဆုံးရှုံးရခြင်း၊ ငွေကြေးနှင့် မြေယာ၊ ရေချို ကဲ့သို့သော စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရာတွင်သုံးရ သည့် အရာများသည်လည်း အလဟဿ ဖြစ်ကြရသည်။ ထိုသို့မဖြစ်အောင် ထိန်းသိမ်းကာ သတိနှင့်ယှဉ်၍ သုံးဆောင် ခြင်း၊ ပိုလျှင် ပရဟိတအဖွဲ့များ၊ အစား အစာဘဏ်ဟုခေါ်သော အစားအစာဝေမျှကာ အလဟဿမဖြစ်အောင်စီမံပေးသော အဖွဲ့များထံမှတစ်ဆင့် လိုအပ်နေသူများထံ ပြန်လည်မျှဝေခြင်း၊ အစားအစာ အမှိုက်များကို စွမ်းအင်ထုတ်ရာတွင် သုံးခြင်း၊ သဘာဝမြေသြဇာထုတ်ခြင်း အစရှိသည့်နည်းများဖြင့် အစားအစာ အလေအလွင့်ဖြစ်ခြင်းကို လျှော့ချနိုင်ပါသည်။

သာဓက တစ်ခုအနေနှင့် ပြရသော် ပီရူးနိုင်ငံ၏ လီမာစည်ပင်သာယာရေး အဖွဲ့ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက စားနပ်ရိက္ခာဆိုင်ရာ အကြံပြုအဖွဲ့များ ဖွဲ့စေကာ အစားအစာများ အလဟဿ ဖြစ်ရခြင်းကို ကိုင်တွယ်ရန် အကူအညီ ပေး၏။ အဖွဲ့တစ်ခုမှာ မြို့တော် အစားအစာ အလေအလွင့်စီမံရေးလုပ်ငန်းအဖွဲ့ဖြစ် ပြီး စွန့်ပစ်အစားအစာများမှ ဇီဝဓာတ်ငွေ့ ထုတ်ရန် စီမံခန့်ခွဲလျက်ရှိသည်။ ဤသို့လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် ရလဒ်တစ်ခု အနေဖြင့် အမှိုက်ပုံများနှင့် မြောင်းများထဲတွင် စွန့်ပစ်ခံနေရသော သဘာဝထွက် အမှိုက်များ သိသိသာသာ လျော့နည်း သွားပေသည်။

၄။ ပိုမိုကျန်းမာသောဝန်းကျင်နှင့် ဘဝနေထိုင်မှု တိုးတက်လာရေး စိမ်းစိုသာယာရပ်ဝန်းနေရာများဖော်ဆောင်ခြင်း
မြို့ပြဝန်းကျင် ဧရိယာများမှာ ဆက်လက် တိုးချဲ့ကျယ်ပြန့်လာနေမည် ဖြစ်သည့်အလျောက် အစိမ်းရောင် ရပ်ဝန်းများမှာလည်း ပျောက်ကွယ်လာ နေရပေသည်။ အလှရသ ဆွဲဆောင်မှုရှိသော အရာများဖြစ်ခြင်းထက်ပို၍ သစ်ပင်များ၊ အစိမ်းရောင် ရပ်ဝန်းများမှာ လေထုအရည်အသွေး ကောင်းမွန်စေရန်၊ မြို့ပြ၏ အပူချိန်ကို လျှော့ချနိုင်ရန်နှင့် မြို့ပြ၏ ကျန်းမာရေးကို မြှင့်တင်နိုင်ရန်တို့အတွက် မရှိမဖြစ်လိုအပ်သော အရာ များဖြစ်ပေ၏။ လေထုညစ်ညမ်းမှု၊ မြို့ပြ အပူချိန်တက်လာခြင်း၊ လှုပ်ရှားမှု နည်းသော ဘဝနေထိုင်မှုပုံစံများသည် နှလုံးသွေးကြောဆိုင်ရာနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဘယများ၊ အဝလွန်ခြင်း ကဲ့သို့သော ကျန်းမာရေး ပြဿနာများကို ဖြစ်စေရန် တွန်းအားပေးနိုင်ပေသည်။ ထို့ကြောင့် အစားအစာစနစ်သည် အစိမ်းရောင်ဝန်းကျင်နှင့် တွဲကာ ညစ်ညမ်းမှုများကို လျှော့ချနိုင်ရန်၊ လူတို့၏ အစားအသောက်အမူအကျင့် နှင့် ကိုယ်ခန္ဓာလှုပ်ရှားမှုကို ကျန်းမာရေး နှင့်သင့်လျော်အောင် စားသောက်နေ ထိုင်တတ်လာစေရန် စနစ်တကျ စီမံခန့်ခွဲ သင့်လှပေသည်။ ဥပမာ တစ်ခု အနေနှင့် အမေရိကရှိ လော့စ်အိန်ဂျလိစ်တွင် သုတေသနပြုချက်များအရ ကလေး တစ်ဦး၏ အိမ်နှင့် မီတာ ၅၀ဝ ဝန်းကျင်တွင် ပန်းခြံများရှိသော် ထိုကလေးသည် အဝလွန်ခြင်းဖြစ်နိုင်ချေနည်းသည်ဟု တွေ့ရှိရပေသည်။

၅။ မြို့ပြများကို ကျေးလက်ဒေသများနှင့် ချိတ်ဆက် ဝန်းရံခြင်း
မြို့ကြီးပြကြီးများမှာ ကျေးလက်နှင့် အဆက်အသွယ်မရှိဘဲ ထီးထီးကြီး လည်ပတ်နေသည်မဟုတ်ပေ။ အမှန်တကယ်တွင်မူ မြို့ပြကြီးများမှာ ယင်း တို့အနီး ဝန်းရံလျက်ရှိပေထသော ကျေးလက်တောရွာများအပေါ် လွန်စွာ မှီခို အားထားနေရပေသည်။ မြို့ပြကြီးများသည် အစားအစာအတွက် လည်းကောင်း၊ အလုပ်သမား ရရန်လည်းကောင်း၊ ရေရရှိရန်လည်းကောင်း၊ အမှိုက်စွန့်ပစ်ရန်လည်းကောင်း အနီးအနားရှိ ကျေးလက်ဒေသများကို အတော်ပင် မှီခိုနေရသည်။ ကင်ညာနိုင်ငံ၊ ကီစုမူဟူသော မြို့ရှိ စားနပ်ရိက္ခာဆိုင်ရာ အကြံပေးအဖွဲ့ ဆိုလျှင် မြို့ပြကရောကျေးလက်ကပါ သက်ဆိုင်ရာပါဝင်ပတ်သက်သူများပါဝင်လျက် မြို့ပြများနှင့် ကျေးလက် ဒေသကြီးများ ချိတ်ဆက်ကာ စားနပ်ရိက္ခာထောက်ပံ့နိုင်သော စနစ်မျိုး ထူထောင်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်သော၊ ဘေးကင်းကာ အာဟာရပြည့်ဝသော အစားအစာများရရှိနိုင်ရန် အထောက် အကူပြုနိုင်မည်ဖြစ်ကာ တစ်ဖက်တွင်လည်း ကျေးလက်မှ လယ်ယာသမားများအတွက် ဈေးကွက်ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းမျိုး ဖြစ်စေပေသည်။

ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ သော ဖွံ့ဖြိုးမှု ပန်းတိုင်များကို မြို့ပြ များအနေနှင့် အရောက်လှမ်းနိုင်ပါ မည်လောဟူသော မေးခွန်းထုတ် ပြောဆိုမှုများကို မကြာခဏကြားရ တတ်ပေသည်။ အထူးသဖြင့် အင်မတန် မှအရေးကြီးလှသော ပန်းတိုင် နံပါတ် ၁၁ ဖြစ်သော မြို့ပြများကို လူသားတိုင်းအတွက် ဘေးကင်းသော၊ အရှည်တည်တံ့သော နေရာမျိုးဖြစ်အောင် လုပ်ဆောင်ရန်မှာ မလွယ်လှသော အရာလည်းဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး၏ မြို့ပြစားနပ်ရိက္ခာအစီအစဉ်မှာ အစိုးရများနှင့် အဖွဲ့အစည်းများစွာကို မြို့ပြနှင့် ကျေးလက် ကွဲကွာနေမှုကို ချေဖျက်ရန်နှင့် ရေရှည်တည်တံ့သော စားနပ်ရိက္ခာစနစ်မျိုးကို ကြံဆ မိအောင် အားပေးကူညီရန်ဖြစ်သည်လေသည်။ မိမိတို့၏ မြို့ပြများရှိ လူသား များ ကျန်းမာလန်းဖြာ အသက်ရှည် လာစေရန်မှာ ဆိုင်ရာအစိုးရများ၊ တာဝန်ရှိသူများနှင့် လူသားတိုင်း၏တာဝန်ပင်ဖြစ်ပြီး အရှည်ကို တွေးမြော် နိုင်သောပညာ ဥာဏ်နှင့် ချင့်ချိန်လျက် ဝိုင်းဝန်းကြိုးစားဖော်ဆောင်ကြလျှင် နေချင့်စဖွယ် မြို့ပြများဖြစ်လာမည်ဖြစ် ပေသည်။