လူစုလူဝေးနှင့် မဲဆွယ်ခြင်းကို မွန်ညီညွတ်ရေးပါတီ ဆိုင်းငံ့

0
620
Dawei Watch, Dawei News, Dawei News Media

ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလာသည့် လတ်တလော အခြေအနေကြောင့် မွန်ညီညွတ်ရေးပါတီ အနေနှင့် လူစုလူဝေးဖြင့် လှည့်လည် မဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့မှစပြီး ခေတ္တဆိုင်းငံ့လိုက်ကြောင်း ပါတီခေါင်းဆောင်တို့က ပြောသည်။

ထိုသို့ဆိုင်းငံ့လိုက်မှုကို ပါတီဗဟိုမှ သက်ဆိုင်ရာပါတီအဆင့်ဆင့်၊ ထိုမှ တစ်ဆင့် ကိုယ်စားလှယ်လောင်းတို့အား ညွှန်ကြားထားသည်ဟု မွန်ညီညွတ်ရေးပါတီ၊ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) တွဲဘက်အတွင်းရေးမှူး မင်းအောင်မွန် က ပြောသည်။

ပြည်ပရောက် မွန်ပြည်နယ်သား ၁၂၂၀ဝ ကျော် ကြိုတင်မဲပေးနိုင်မည်

ပါတီဆိုင်းဘုတ်ထောင်ခြင်း၊ ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ထောင်ခြင်းတို့ကိုလည်း လူအင်အားအနည်းဆုံးဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်တို့မှ ထုတ်ပြန်ချက်များနှင့်အညီ လုပ်ဆောင်ကြရန်လည်း ပါတီဗဟိုက ညွှန်ကြားထားသည်။

လက်ရှိအနေအထားအရ မဲဆွယ်စည်းရုံး လုပ်ဆောင်ရန် မဖြစ်နိုင်သည့် အနေအထားကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကို မီဒီယာ၊ ဆိုရှယ် မီဒီယာတို့မှတစ်ဆင့် လုပ်ဆောင်သွားရန်လည်း ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) က စီစဉ်နေသည်။

“ဒီအချိန်မှာ ကျွန်တော်တို့က သွားလို့ လာလို့မရတဲ့အတွက် အွန်လိုင်းကနေ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပြည်သူလူထုကို အသိပေးစရာတွေ၊ လုပ်ပေးစရာတွေ၊ ပြောကြားစရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတွေကို အဓိက ဆိုရှယ်မီဒီယာကနေတစ်ဆင့် သွားရတော့မယ်” ဟု မွန်ညီညွတ်ရေးပါတီ၊ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) ပြန်ကြားရေးတာဝန်ခံ မင်းဗညားစန်းက ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ရွေးကောက်ပွဲဝင်ပြိုင်သွားရန်ရှိသည်။

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၅ ဦးအပါအဝင် တိုင်းနှင့် ပြည်နယ် ငါးခုတို့တွင် စုစုပေါင်း ကိုယ်စားလှယ် ၆၅ ဦးတို့က ရွေးကောက်ပွဲတွင် ဝင်ပြိုင်သွားမည်ဖြစ်သည်။

Dawei Watch