ပြည်ပရောက် မွန်ပြည်နယ်သား ၁၂၂၀ဝ ကျော် ကြိုတင်မဲပေးနိုင်မည်

0
451
Dawei Watch, Dawei News, Dawei News Media

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်ပသို့ တရားဝင် ရောက်ရှိနေသည့် မွန်ပြည်နယ်သားများအနက် ကြိုတင်မဲပေးမည့်သူ ၁၂၂၀ဝ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ပြည်ပသို့ ရောက်ရှိနေကြသည့် မွန်ပြည်နယ်သား ကြိုတင်မဲပေးလိုသူ ၁၃၀ဝ၀ ကျော်၏ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံရရှိခဲ့သော်လည်း ၁၂၂၀ဝ ကျော်သာ မဲစာရင်းတွင် ဖြည့်သွင်းနိုင်သည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများ မရွေးရသေး

“ပို့လိုက်တဲ့စာရင်းတွေမှာ ထပ်စာရင်းတွေ ၇၀ဝ ကျော်ပါတယ်။ နောက် လိပ်စာမှားရောက်လာတာရှိတယ်။ နောက် ပုံစံ (၁၅) နဲ့ လျှောက်ပြီးတော့ နေရပ်ပြန် ရောက်လာတာရှိတယ်။ ဒါတွေကို ဖယ်လိုက်ရင် ကျွန်တော်တို့ ဖြည့်သွင်းတာ ၁၂၂၀ဝ ကျော် ဖြည့်သွင်းနိုင်တယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများသည် သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပြီး ကြိုတင်မဲလက်မှတ်ဖြင့် ၎င်းတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးအတွက် ကြိုတင်မဲပေးရသူများဖြစ်သည်။

ပြည်ပရောက်မဲဆန္ဒရှင်များအနေ နှင့် ကြိုတင်မဲဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရန် ပုံစံ (၁၅) ကို သက်ဆိုင်ရာ သံရုံးတို့တွင် ဇူလိုင် ၇ ရက်နေ့က စတင် ထုတ်ယူနိုင်ပြီး အချက်အလက်ဖြည့်သွင်းကာ ပုံစံ (၁၅) ကို ဇူလိုင်လ ၁၆ ရက်မှ သြဂုတ်လ ၅ ရက်နေ့အထိ သက်ဆိုင်ရာသံရုံးတို့တွင် ပေးပို့ရခြင်း ဖြစ်သည်။

ပြည်ပသို့ တရားဝင် ရောက်ရှိနေသည့် မွန်ပြည်နယ်သား ကြိုတင်မဲပေးမည့်သူအရေအတွက်သည် အမှန်တကယ် ပြည်ပသို့ ရောက်ရှိနေသည့် မွန်ပြည်နယ်သား မဲပေးပိုင်ခွင့်ရှိသူနှင့်ယှဉ်လျှင် အရေအတွက် အလွန်နည်းပါးနေသည်ဟု ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူတို့က ပြောသည်။

“ပြည်ပမှာရောက်နေတဲ့လူတွေ အထူးသဖြင့် ထိုင်းကိုရောက်နေကြတဲ့ လူတွေအများစုကတော့ ဝမ်းစာရေးအတွက် ရောက်နေကြတယ်ဆိုတော့ မဲပေးဖို့က စိတ်ဝင်စားမှုနည်းတယ်။ ပြီးတော့ မဲပေးဖို့အတွက် သံရုံးသွားရမှာနဲ့ ဘာနဲ့က ဘယ်သူမှ မသွားချင်ကြဘူးလေ” ဟု ထိုင်းနိုင်ငံရောက် မွန်လူငယ် မင်းဗညားက ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြည်ပသို့ ရောက်ရှိနေသည့် မွန်ပြည်နယ်သား လေးသိန်းကျော်ရှိသည်။

“အနည်းအကျဉ်းလောက်ပဲ မဲပေးဖို့ လုပ်ကြတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုပါပဲ” ဟု ထိုင်းနိုင်ငံရောက် မွန်လူငယ် မင်းဗညားက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံပြင်ပသို့ တရားဝင် ရောက်ရှိနေသူများအနက် ကြိုတင်မဲပေးမည့်သူ တစ်သိန်းကျော်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယဉ်စနိုင်း