ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

0
359

အခန်း (၁၁)

ဘာကို ရွေးမလဲ

မနက်ဖြန်လည်း ဒီနေ့လိုပဲ နေမှာပါလို့ တွေးတာက လူ့သဘာဝကိုး။ ဒီပစ္စုပ္ပန်အခြေအနေဟာ မတည်မြဲဘူး။ မတည်ငြိမ်ဘူး။ ပြောင်းလဲမယ်လို့ အလိုအလျောက် တွေးမိဖို့က ခက်တာကိုး။ ဒါနဲ့ပဲ လုပ်မြဲတိုင်းအလုပ်တွေ ဆက်လုပ်ကြတယ်။ ဇီဝရပ်ဝန်းတွေ ဖြိုလှဲမယ်။ ကျောက်မီးသွေးတွေ မီးရှို့ မယ်။ အဆိပ်အတောက်တွေ မြစ်ထဲမျှောမယ်။ ခင်ဗျား ကမ္ဘာဟာ ပြောင်းခဲ့ပြီလို့ သိအောင်ဘယ်လို လုပ်ကြရပါ့မလဲ။

ခင်ဗျားရောက်လာမယ်လို့ ထင်ထားတဲ့ အဆုံးမရှိသုံးစွဲနေလို့ ရတဲ့၊ အမြဲမပြတ်တိုးတက်နေမယ့် နိဗ္ဗာန်ဘုံကြီးပြိုပျက်ခဲ့ပါပြီ။ ဒါကို သဘောပေါက်ပါမှဘာ လုပ်ကြရမယ်လို့ စစဉ်းစားလို့ရ ကြမှာပါ။ အဲဒီလိုမဟုတ်တဲ့အခါ ကျုပ်တို့လုပ်နေ တာတွေက ပြိုကျလာနေတဲ့ ကမ်းပါးထိပ်မှာ အိမ်ရာစီမံကိန်းတစ်ခုပြီး တစ်ခုလုပ်နေသလိုပါပဲ။ ထည့်ဝင်လိုက်သမျှတွေ တိုက်စားမျောပါသွားတယ်။ ဒါပေမဲ့ ဒီအတိုင်း ဆက်လုပ်မှရမယ်လို့ ကြွေးကြော် နေကြတုန်း။

ကျုပ်တို့လက်ရှိနေထိုင်တဲ့ ကမ္ဘာကို အန်သရိုပိုစီး (Anthropocene) လို့ ခေါ်ကြဖို့ ပညာရှင်တွေ သဘောတူကြပါတယ်။ လူသားကြီးစိုးတဲ့ခေတ် (တစ်နည်းအားဖြင့်) လူသားခြေရာနေရာတကာ ခေတ်လို့ ဘာသာပြန်လို့ရ မယ်ထင်ပါတယ်။ အမေရိကန်က အီရတ်စစ်ပြန်ကြီးရွိုင်းစခရန်တွန် (Roy Scranton)ဟာ “လူသားကြီးစိုးတဲ့ ခေတ်ထဲမှာ ဘယ်လို သေဆုံးရမလဲဆိုတာသင်ယူခြင်း (Learning how to die in the Anthropocene)” ဆိုတဲ့ လူကြိုက်များတဲ့ ဆောင်းပါးကို ရေးခဲ့ပါတယ်။ အီရတ်စစ်ပွဲမှာ လူခြောက်သန်းလောက်နေတဲ့ ဘဂ္ဂဒက်မြို့ကို ရောက်သွားခဲ့တဲ့သူဟာ အခြေခံအဆောက်အအုံတွေ ဘုန်းဘုန်းလဲသွားတာ၊ မီးတွေ၊ ရေတွေ ပြတ်သွားတာ၊ အုပ်ချုပ်ရေးပြိုပျက်ပြီး သူတစ်လူ ငါတစ်မင်းနဲ့ ကိုယ့်နေရာကိုယ်ကာကွယ်ဖို့ တုတ်၊ ဓားဆွဲပြီး လုပ်ကြရတာကို ကြုံခဲ့ရပါတယ်။

ရွိုင်းဟာ အသက်မသေဘဲ အမေရိကန်ပြန် ရောက်လာလို့ ဟန်ကျပြီလို့ တွေးနေတုန်းမှာပဲ ဟာရီကိန်းကတ်ထရီနာနဲ့ ဆုံရပါတယ်။ ဘဂ္ဂဒက်မြို့မှာ တွေ့ခဲ့တဲ့ ဖရိုဖရဲဖြစ်မှုမျိုးကို နယူးအော်လင်းမှာ (New Orleans) ထပ်ကြုံရတာပဲလို့ သူက မှတ်ချက်ချပါတယ်။ သဘာဝဘေးနဲ့ စစ်ဘေးမတူပေမဲ့ ကြိုတင်မြော်မြင်မှု ကင်းမဲ့ခြင်းရဲ့ အကျိုးဆက်ကတော့ အတူတူပါပဲ။

ဗုဒ္ဓဘာသာဝင်လည်းဖြစ်တဲ့ စစ်ပြန်ကြီးရွိုင်းဟာ ဥတုဘေးနဲ့ လူရဲ့ဖြစ်တည်မှုကို ဆက်စပ်ပြီး စဉ်းစားပါတယ်။ “ဖြစ်တည်မှုအကျပ်အတည်းထဲကို ရောက်နေကြပြီလို့ သူက ညည်းတွားပါတယ်။ တစ်ဖက်မှာ အခြေအနေတွေက ဆိုးနေပြီ။ ဥတုဘေး အတွက်တစ် ခုခုလုပ်ကြမှ ဖြစ်မယ်လို့ သိနေတယ်။ တစ်ချိန်တည်းမှာပဲ အခြေအနေတွေကို ပြောင်းနိုင် လောက်တဲ့အားက ကျုပ်တို့မှာမရှိဘူးလို့ လည်း သိနေတယ်။ ကမ္ဘာ့အပူချိန်က မြင့်လာနေမှာပဲ။ ရေခဲတွေဆက်အရည်ပျော်နေမှာပဲ။ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာနေမှာပဲ။ ကျောက်မီးသွေး၊ ရေနံစတဲ့ရုပ်ကြွင်းလောင်စာနဲ့ ကျားကန်ထားတဲ့ ကျုပ်တို့လူ့ယဉ်ကျေးမှုဟာလည်း အဆုံးသတ်မှာ ပဲ။”

“ကျုပ်ဟာ မပြည့်ဝတဲ့ ဗုဒ္ဓ ဘာသာဝင်တစ်ယောက်ပါ။ စံချိန်မီမဟုတ်တဲ့ သဘာဝပတ်ဝန်း ကျင်သမားတစ်ယောက်ပါ။ နာကျင်ဒုက္ခတွေပဲ များလာဖို့ရှိတဲ့ ကမ္ဘာမှာ ပိတ်မိနေသူပါ” လို့ သူ့ကိုယ်သူ သရုပ်ဖော်ပါတယ်။ “မလွှဲမရှောင်သာတဲ့ သေခြင်းတရားရဲ့ အရိပ်အောက်မှာ ကျုပ်တို့နေကြရတာ မဟုတ်လား။ ဥတုဘေးသင့်ကမ္ဘာမှာ ဒါဟာ ပိုလို့ ထင်ရှားလာသပေါ့။ အဲဒီတော့ ရှင်သန်တုန်းမှာ အဓိပ္ပာယ်ရှိတဲ့ ရွေးချယ်မှုတွေ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းပဲရှိတော့တာပေါ့” လို့ သူက ကောက်ချက်ချပါတယ်။

ဘယ်လိုရှင်သန်မလဲလို့ ရွေးချယ်နိုင်ခွင့်ရှိနေရင်ကို ဒါဟာ ကြီးမားတဲ့အခွင့်အရေးပါ။ ဒီလိုအခွင့် အရေးမရှိသူတွေ အများကြီးကို ခင်ဗျားတွေ့နေမှာပါ။ ပူလောင်နေတဲ့ လမ်းမပေါ်မှာ ရုန်းကန်နေရတဲ့ သူတွေ၊ လှိုင်းလေအောက်မှာ နစ်မြုပ်မသွားအောင် ကူးခပ်နေရသူတွေ၊ မိုးခေါင်ရေရှား လွင်တီး ခေါင်မှာ ယိုင်နဲ့နေသူတွေ။ ခင်ဗျားရဲ့ ရွေးချယ်မှုက သူတို့ကို အသက်ရှူချောင်စေမှာလား။

သစ်ပင်စိုက်ဖို့ ကျုပ်တို့ ရွေးချယ်ခဲ့ကြတယ်။ တောတောင်တွေ ကာကွယ်ဖို့ ကျုပ်တို့ ရွေးချယ်ခဲ့ ကြတယ်။ တောင်သူလုပ်သားတွေကို ကာကွယ်ဖို့ ကျုပ်တို့ ရွေးချယ်ခဲ့ကြတယ်။ ၂၄ နာရီအတွင်း လူတစ်သိန်းခွဲလောက်ရဲ့ အသက်ဆုံးပါးသွားရတဲ့ နာဂစ်အပြီးမှာ တားဆီးပိတ်ဆို့ထားသူတွေကို ရင်ဆိုင်ပြီး ပြည်သူအချင်းချင်း ကူညီဖို့ကျုပ်တို့ ရွေးချယ်ခဲ့ကြတယ်။

အများကို ဝန်ပိစေတဲ့ လုပ်ငန်းတွေလုပ်ဖို့ ရွေးချယ်ဆုံးဖြတ်ကြမယ့် အာဏာပါဝါနဲ့ ငွေကြေး သမားတွေကိုလည်း ကျုပ်တို့ မြင်ပါတယ်။ ဓနဥစ္စာနဲ့ အာဏာရဲ့ အကာအကွယ်နောက်မှာ ဘာမှ ပြောင်းလဲစရာမလိုဘူး။ လုပ်ရိုးလုပ်စဉ်ကို ထပ်တိုး လုပ်သွားဖို့ပဲ လိုတယ်လို့ တွေးကြမှာကိုလည်း သိပါတယ်။ အဲဒီလိုအတွေးနဲ့ ဆုံးဖြတ်ချက်တွေကြောင့် လူ့အသိုက်အမြုံရဲ့အလွမ်းဇာတ်ဟာ ပိုရှည် လျားပြီး ဘဝနိဂုံးတွေက ပိုနီးကပ်လာကြတာလည်း သိပါတယ်။

သမုဒ္ဒရာတွေဟာ လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုက်ကို မနိုင်မနင်း စုပ်ယူပေးနေရလို့ အရင်ကထက် အက်စစ်ဖြစ်မှု ၃၀ ရာခိုင်နှုန်းများလာခဲ့ပြီ။ ဆက်လည်း များနေတယ်။ ရေနေသတ္တဝါတွေ အခက်ကြုံရတဲ့အခြေအနေပေါ့။ သမုဒ္ဒရာထဲမှာ မျောနေတဲ့ ပလန်တွန် (Phytoplankton) လေးတွေကို သတိပြုမိကြမှာ မဟုတ်ပါဘူး။ သတိမထားမိပေမယ့် ကမ္ဘာမြေရဲ့ အော်ဂဲနစ်ပစ္စည်း (Organic Matter) ၅၀ ရာခိုင်နှုန်းဟာ သူတို့ပဲ။ ကမ္ဘာရဲ့ အောက်ဆီဂျင် သုံးပုံနှစ်ပုံဟာ သူတို့ဆီကလာတာ။ သတင်းဆိုးက ၁၉၅၀ ကစလို့ တစ်ကမ္ဘာလုံးက သမုဒ္ဒရာတွေမှာ ပလန်တွန်ပမာဏ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတာပါ။

နင်းထားတဲ့မြေဟာ မာတယ်လို့ ထင်နေတုန်းလား။
ရှူနေတဲ့လေဟာ သေချာတယ်လို့ ထင်နေတုန်းလား။
ကိုယ်ကျိုးကိုယ့်အတ္တအတွက်ပဲ ရွေးချယ်မယ်ဆိုရင် လုံလောက်ပြီလို့ ထင်နေတုန်းလား။

ဒေါက်တာမြင့်ဇော်