ကိုဗစ်အလွန် နိုင်ငံတကာက ကမ်းခြေများ၏ ဟန်ပန်

0
810

မြန်မာနိုင်ငံ အခြားဒေသရှိ ကမ်းခြေများ ဖွင့်ခွင့်မပြုသေးသော်လည်း တနင်္သာရီ တိုင်းဒေသကြီးရှိ ကမ်းခြေများကို လွန်ခဲ့ သည့် နှစ်လကတည်းက ပြန်ဖွင့်နေပြီ ဖြစ်သည်။

နိုင်ငံတကာတွင်လည်း ကမ်းခြေ အချို့ပြန်ဖွင့်နေပြီ ဖြစ်သည်။ အထူးသဖြင့် အနောက်နိုင်ငံများတွင် နွေရာသီ ရောက်ရှိလာပြီဖြစ်ရာ ကမ်းခြေတွင် နေပူစာလှုံရင်း အပန်းဖြေလာကြပြီ ဖြစ်သည်။

သို့သော် ကိုဗစ်မတိုင်မီ ကမ်းခြေ အနေအထားအတိုင်း မဟုတ်တော့ပါ။ အရပ်ရပ်သော အပြောင်းအလဲများရှိသည်။ ယင်းတို့အနက် ကိုဗစ်ကြားက နိုင်ငံတကာရှိ ကမ်းခြေများ၏အခြေအနေ ငါးရပ်ကို ယခု ဆောင်းပါးတွင် ဖော်ပြလိုပါသည်။

၁) မှန်ကာနောက်တွင် နေပူစာလှုံခြင်း
ကိုဗစ်ကာလအတွင်း မှန်ကာများကို ပုံမှန်အားဖြင့်တော့ စားသောက်ဆိုင်များတွင် တွေ့နေကြ၊ သုံးနေကြဖြစ် သည်။ ယခုတော့ ကမ်းခြေသဲသောင် အထိရောက်လာပြီ ဖြစ်သည်။

ဂရိနိုင်ငံရှိ ကမ်းခြေအချို့တွင် နေပူစာလှုံ ပက်လက်ကုလားထိုင်တို့ကို မှန်ကာ၊ ပလပ်စတစ် အကြည်ကာတို့ဖြင့် ဒီဇိုင်းဆင်ထားသည်။

သို့သော် အီတလီနိုင်ငံရှိ ကမ်းခြေ အပန်းဖြေစခန်းအချို့တွင်မူ ထိုသို့သော ပလပ်စတစ်ကာ နေပူစာလှုံခွင့်အတွက်ပင် ခွင့်ပြုချက်မပေးပေ။ အီတလီရှိ အခြားဒေသတွင်မူ တစ်ဦးနှင့် တစ်ဦး ငါးပေခန့်အကွာအဝေးဖြင့် ခပ်ခွာခွာနေကာ ကမ်းခြေတွင် အပန်းဖြေခွင့်ပြုထားသည်။ ထိုကြောင့် မှန်ကာ နေပူစာလှုံခန်းများကို ထိုပမာဏ အကွာအဝေးဖြင့် ချထားခွင့် ပြုထားသည်။

စပိန်နှင့် ပြင်သစ်နိုင်ငံတို့ရှိ ကမ်းခြေအချို့တွင်မူ သဲသောင်တွင် နေပူစာလှုံသူများ ပူးပူးကပ်ကပ် မနေစေရန် ခြောက် ပေခြား ကြိုးတန်းများ ကာထားသည်။

၂) ကမ်းခြေမှာ လူများ၊ မများ ကြိုစုံစမ်းရေး
စပိန်နှင့် ဗြိတိန်တို့တွင် လူအများက ရဲကို ကန့်ကွက်မေးခွန်းထုတ်ရာမှ ပေါ်လာသော အစီအစဉ်ဖြစ်သည်။ လူ အများကို ကိုဗစ်ကြောင့် စိတ်ကျဉ်းကျပ် နေကြပြီဖြစ်သည်။ အိမ်တွင်နေရသည်မှာ ကြာလာ၊ နွေရာသီကလည်း ရောက်လာသောအခါ အပြင်ထွက်ချင်လာသည်။

ကမ်းခြေလေးတော့ သွားချင်လာသည်။ သို့သော် ကမ်းခြေတွေက လူများလာလျှင် လက်မခံတော့။ ထိုအခါ လူတွေက မေးခွန်းထုတ်ကြသည်။ သူတို့က ကမ်းခြေမှာ လူများ၊ မများ မည်သို့ ကြိုသိနိုင်မည်နည်း။ ကမ်းခြေရောက်မှ သိမည်ပေါ့။ ရောက်ပြီးမှ လူများသဖြင့် ရဲက ပြန်ခိုင်းလို့ ပြန်ရသည်ဆိုသည်မျိုးကလည်း မဟုတ်သေး။ တော်တော် ဂွကျသည့် ကိစ္စ ဖြစ်သည်။

ထိုကြောင့် အချို့နိုင်ငံများတွင် ထိုအရေးဖြေရှင်းရန် နည်းပညာ သုံးလာသည်။

ပေါ်တူဂီတွင်တော့ ကမ်းခြေတွင် လူမည်မျှ ရှိနေသည်ကို ကြိုသိနိုင်ရန် မိုဘိုင်းဖုန်း Application တစ်မျိုးကို အသုံးပြုလာသည်။ ကိုယ်သွားလိုသည့် ကမ်းခြေတွင် လူဦးရေ မည်မျှရှိသည်၊ လူပြည့်၊ မပြည့်၊ သွားရန် ခွင့်ပြုထား၊ မထားစသည့် အချက်များကို Application မှတစ်ဆင့် သိနိုင်သည်။

ရဲများက ကွင်းထဲတွင် လိုက်စောင့် နေမည်မဟုတ်။ လူအများကိုင်ဆောင်ထားသော မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် လူအရေအတွက်၊ ကမ်းခြေအတွင်း ပျံ့နှံ့နေမှုတို့ကို စောင့်ကြည့်မည် ဖြစ်သည်။ လူအများက ကိုယ်တိုင် တာဝန်သိသိဖြင့် လိုက်နာကျင့်သုံးသည့် စနစ်ကို အားပေးထားသည်။

၃) ပါးစပ် နှာခေါင်းစည်းတပ် နေပူစာလှုံခြင်း
ခါတိုင်းဆိုလျှင် လူအများက နေပူ စာသာလှုံကြသည်။ မျက်နှာနေလောင် ပျက်စီးမှာ၊ မျက်လုံးထိခိုက်မှာကိုတော့ ကြောက်သားပင်။ ထိုကြောင့် တော်တော် များများက ဦးထုပ်ဆောင်း၊ နေကာမျက်မှန် တပ်ကြသည်။ ယခုတော့ ထိုမျှ မကတော့ပါ။ ပါးစပ်နှာခေါင်းစည်းပါ မဖြစ်မနေ တပ်ရတော့မည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ် မြို့တော်ဝန်က သူ့နယ်သို့ လာရောက်သူတိုင်း ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ထားသည်။

ကမ်းခြေတွင် အပန်းဖြေနေသူများသည် ရေကူးနေသည့် အချိန်၊ ရေထဲတွင် ရှိနေသည့်အချိန်က လွဲ၍ ပါးစပ်နှာခေါင်းစည်း တပ်ရမည် ဖြစ်သည်။

စပိန်နိုင်ငံရှိ အပန်းဖြေစခန်းတစ်ခုတွင် ကမ်းခြေလာသူအားလုံးကို ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဝေသည်။ ကမ်းခြေလမ်းလျှောက်နေစဉ် တစ်ချိန်လုံး ပါးစပ်နှာခေါင်းစည်း တပ်ထားရမည်။ သက်ဆိုင်ရာ သတ်မှတ်ထားသည့် တစ်ဦးချင်း ခပ်ခွာခွာနေ နေပူစာလှုံသည့် နေရာတွင်မူ မဖြစ်မနေ တပ်စရာမလိုကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ဟိုတယ်၊ တည်းခိုခန်းများအတွင်းတွင်မူ မဖြစ်မနေ ပါးစပ်နှာ ခေါင်းစည်း တပ်စရာမလိုပေ။

၄) ကြိုတင် မှတ်ပုံတင်ထားသူများသာ
ဥရောပတွင် နွေဆိုသည်နှင့် အပြင်သို့ အပြေးလေးထွက်ကြသည်သာ။ ထိုအခါ ကမ်းခြေ၊ ပန်းခြံ ကဲ့သို့သော အပန်းဖြေစခန်းများတွင် လူပြုံလာတတ်သည်။

အင်္ဂလန်နိုင်ငံရှိ နာမည်ကျော် ကမ်းခြေတစ်ခု ဖြစ်သော ဘားမောက်တွင်လည်း နွေဦးတွင် ထိုသို့ ဖြစ်ခဲ့သည်။

သို့သော် ကမ်းခြေကို လာသည်ဖြစ်စေ ကြိုတင် မှတ်ပုံတင်ထားသူများသာ ကမ်းခြေ သဲသောင်သို့ ဆင်းခွင့်ရသည်။ စပိန်နိုင်ငံရှိ ကမ်းခြေတစ်ခုတွင်လည်း ထိုနည်းကိုကျင့်သုံးသည်။ ဦးစွာ မိုဘိုင်းဖုန်းတွင် Application တစ်ခု ဒေါင်းလုပ်လုပ်ရမည်။ ယင်းနောက် ဦးရာလူ စနစ်ဖြင့် မှတ်ပုံတင် ခွင့်ပြုသည်။ တစ်နေ့လျှင် လူဦးရေ ငါးထောင်ထက် ပိုခွင့်မပြုပေ။ ကမ်းခြေသဲသောင်ပေါ် တွင် အပန်းဖြေရန် လူတစ်ဦးလျှင် ခြောက်ပေပတ်လည် အကွက်တစ်ကွက်စီရ သည်။ တစ်ကွက်နှင့် တစ်ကွက်ကြား ပလပ်စတစ် ပိုက်များဖြင့် ကာထား သည်။

ဗြိတိန်ရှိ အချို့ကမ်းခြေများတွင်တော့ ယခင်သုံးနှင့်ပြီးသား ကားပါကင် ကြိုတင်မှတ်ပုံတင်သည့် Application ကိုသုံးကာ လူနေရာ ဦးထားနိုင်သည်။

၅) ဒရုန်းဖြင့် စောင့်ကြည့်ခြင်း
ဖလော်ရီဒါတွင် ဖြစ်သည်။ အကယ်၍သာ ခပ်ခွာခွာ မနေပါက ကောင်းကင်မှ ဝေဟင်ရဲက တစ်ခုခု လာသတိပေးလိမ့်မည်။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် လူအများကို စောင့်ကြည့် သတိပေးရန် ကောင်းကင် ဒရုန်းများကို အသုံးပြုနေခြင်း ဖြစ်သည်။ ကမ်းခြေများ၊ ပန်းခြံများတွင် လူအများ ပူးပူးကပ်ကပ်နေမည်စိုးသဖြင့် ကောင်းကင် သူလျှိူနည်းသုံး စောင့်ကြည့်နေခြင်း ဖြစ်သည်။

ဒရုန်းများကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က မောင်းနှင်နေပြီး ကမ်းခြေတွင် နေပူစာလှုံသူများ၏ အပြုအမူ အနေအထိုင် များကို စောင့်ကြည့်မှတ်တမ်းတင်ထားသည်။ ယင်းအပြင် ဒရုန်းတွင် အသံချဲ့စက်လည်း ပါသည်။ ထုံးစံအတိုင်း ကင်မရာလည်း ပါသည်။ ထို့အပြင် အပူစမ်းစက်ပင် ပါလိုက်သေးသည်။ အပူချိန်မည်မျှရှိနေသည်ကို စမ်းနိုင်ရန် အပူချိန်တိုင်းစက်ဖြစ်သည်။

ပုံမှန်အားဖြင့်တော့ ထိုဒရုန်းများကို သဘာဝဘေးဖြစ်ချိန်တွင် အသုံးပြုကြသည်။

ယခုတော့ ဒရုန်းများ သာမက သဘာဝဘေးဖြစ်ချိန်တွင် သုံးသော လေယာဉ်ငယ်များကိုပါ အချို့ဒေသများတွင် ကိုဗစ်ထိန်းချုပ်ရေး အသုံးပြုလာကြသည်။ လူအများကို စောင့်ကြည့်ရန်၊ အထူးသဖြင့် ကမ်းခြေတွင် အပန်းဖြေစဉ် ခပ်ခွာခွာနေရေး သတိပေးရန် အထူးတလည် သုံးလာကြသည်။

မြန်မာနိုင်ငံတွင်တော့ ကမ်းခြေအများအပြား ဆက်ပိတ်ထားဆဲဖြစ်သည်။ တနင်္သာရီတိုင်းတွင်သာ ကမ်းခြေများကို ထူးထူးခြားခြား လာလည်ခွင့်ပြုထားသည်။ အချို့သော ပိတ်ရက်ရှည်များတွင် အခြားတိုင်းနှင့် ပြည်နယ်များမှ ခရီးသွားဧည့်သည်များဖြင့်ပင် ပြည့်နေတတ်သည်။ နှာခေါင်းစည်းများလည်း မရှိပါ။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာလည်း မနေလှပါ။

Ref :

https://www.reuters.com/article/us-health-coronavirus-portugal/portugal-to-reopen-beaches-next-month-as-part-of-gradual-unlocking-idUSKBN22R319

https://www.weforum.org/agenda/2020/07/beaches-covid-19-measures/