ထီးခီးကုန်သွယ်ရေးဇုန်နှင့် မြို့ပြစီမံကိန်းအတွက် မြေဧက တစ်ထောင်ကျော် လျာထား

0
810

ထီးခီးနယ်စပ် ကုန်သွယ်ရေးဇုန်နှင့် ထီးခီး Town Plan စီမံကိန်းအတွက် မြေဧက တစ်ထောင်ကျော်ကို လျာထား ညှိနှိုင်းနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။

ထီးခီးနယ်စပ်အနီးတွင် ထီးခီး (မယ့်သမီးခီး) စက်မှုဇုန်ကို ဖော်ဆောင်ရန် Mae Tha Mee Khee Region Industrial ကုမ္ပဏီက ကြိုးပမ်းနေသည်။

အဆိုပါကုမ္ပဏီကို KNU တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်) ၏ စီးပွားရေး လုပ်ဆောင်ပေးနေသည့် Noble Prince ကုမ္ပဏီနှင့် KNU ကိုယ်စားပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Sun and Rainbow ကုမ္ပဏီတို့ ပူးပေါင်းထူထောင်ထားခြင်း ဖြစ်သည်။

ယခင်က ထီးခီးစက်မှုဇုန်ကို မြေအကျယ်အဝန်း ၆၆၇၆ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် လုပ်ဆောင်နေရာမှ စက်မှုဇုန်နေရာအတွင်းရှိ ၁၁၅၀ ဧကရှိသည့် သစ်တောနယ်မြေကို ချန်လှပ်ရန် လုပ်ဆောင်နေသည်။

ထိုကြောင့် စက်မှုဇုန်အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည့် မြေအကျယ်အဝန်းမှာ ၅၅၂၆ ဧက ရှိသည်။

ယင်းကျန်ရှိမည့် ၅၅၂၅ ဧကအနက် ထီးခီးကုန်သွယ်ရေးဇုန်နှင့် Town Plan စီမံကိန်းအတွက် ဧက ၁၀၀၀ ကျော် ထပ်မံနုတ်ယူမည့်သဘော ဖြစ်သည်။

ယင်းသို့စက်မှုဇုန်အတွက် လျာထားဧရိယာထဲမှ ဧကတစ်ထောင်ကျော် ထုတ်နုတ်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

“ထီးခီးဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ မျက်နှာစာ ဥပစာကြီးတစ်ခုဖြစ်တယ်။ ဒီဥပစာဟာ တစ်ဖက်နိုင်ငံလိုပဲ ထည်ထည်ဝါဝါ ခန့်ညားတဲ့ ဝင်ထွက်ဂိတ်ပေါက်ကြီးရယ် ကုန်သွယ်ရေးဇုန်ကြီးရယ်အတွက်ကို မြေဧရိယာအနည်းဆုံး ဧကတစ်ထောင်လောက်တော့ လိုအပ် တယ်” ဟု ဦးကျော်မင်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၂၉ ရက်က ကျင်းပသည့် ထီးခီးဒေသ စက်မှုလက်မှုလုပ်ငန်းနယ်မြေ စီမံခန့်ခွဲ မှုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ထီးခီးနယ်စပ်ရှိ ထိုင်းနိုင်ငံ၏ အခြေခံအဆောက်အဦးနှင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦတို့၏ ကွာဟချက် ကြီးမားစွာ ရှိသည်။

ထိုင်းဘက်ရှိလမ်းကို နိုင်လွန်ကတ္တရာ(AC) ခင်းထားပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင်မူ မြေနီလမ်းအဆင့်သာ ရှိသေးသည်။

ကိုဇော်