ဘူးထောင့်ကမ်းခြေတွင် သေနတ်ကိုင်ခြိမ်းခြောက်မှု ထပ်ဖြစ်

0
814

လောင်းလုံးမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းရှိ ဘူးထောင့်ကမ်းခြေတွင် သစ်ခိုးထုတ်သူများက ဒေသခံရေလုပ်သားများကို တူမီးသေနတ်ကိုင်ပြီး ထပ်မံခြိမ်းခြောက်လာကြောင်း ရေလုပ်သား အချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း သစ်ခိုးထုတ်သူများက ယင်းကဲ့သို့ ခြိမ်းခြောက်မှုရှိခဲ့သည့်အတွက် ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းခြင်း၊ သက်ဆိုင်ရာ သစ်တောဝန်ထမ်းများကို နေရာပြောင်း ရွှေ့ခြင်းစသည့် အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်ခဲ့ပြီးနောက် သစ်ခိုးထုတ်မှုများ၊ သေနတ်ကိုင် ခြိမ်းခြောက်မှုများ မရှိတော့ကြောင်း ဒေသခံ ရေလုပ်သားအချို့က ပြောသည်။

သို့ရာတွင် သစ်ခိုးထုတ်မှု သေနတ်ကိုင်ဆောင် ခြိမ်းခြောက်မှုများက နှစ်အနည်း ငယ်သာ ငြိမ်သက်သွားခဲ့ရာမှ ယခုအခါ ယင်းအခြေအနေများ ပြန်ဖြစ်လာသည်ဟု ၎င်းတို့က ပြောဆိုကြသည်။

အနီးအနားကျေးရွာနေသူက ယင်းနေရာတွင် ကွမ်းပင်စိုက်ပျိုးသည်ဟု အကြောင်းပြကာ အနီးတစ်ဝိုက်ရှိသစ်ပင်များကို သစ်ဖြတ်စက်ဖြင့် ခုတ်လှဲ၍ လှေဖြင့်ခိုးထုတ်နေကြောင်း ဘူးထောင့် ကမ်းခြေနေ အသက် ၄၀ နှစ်ဝန်းကျင်ရှိ ရေလုပ်သားတစ်ဦးက ဆိုသည်။

အဆိုပါ သစ်ခိုးထုတ်သူများက တူမီးသေနတ် အနည်းဆုံး ၃ လက်နှင့်အထက် ကိုင်ဆောင်ထားကြကာ ပုခုံးပေါ်ထမ်း၍ သွားလာနေသည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေရကြောင်း ၎င်းက ပြောသည်။

ယခင်ကလည်း သစ်ခိုးထုတ်မှုကို တိုင်ကြားပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်ဟု ဆိုသည်။

“သေနတ်တွေကတော့ အမြဲတမ်း ထာဝရ သွားလာတဲ့အချိန်ဆိုရင် ကိုင်ပြီးသွားနေတာပဲ။ ယမ်းထောင်း သေနတ်တွေ။ သူတို့လည်းပြောတယ်။ ကြိုက်တဲ့ နေရာမှာသွားတိုင် ဂရုမစိုက်ဘူးလို့” ဟု အထက်ပါ ရေလုပ်သားက ပြောသည်။

အဆိုပါ ဘူးထောင့်ကမ်းခြေမှာ တီဇစ်၊ စမ်းလှမ်း အစရှိသည့် ကျေးရွာများမှ ရေလုပ်သားများက ယာယီတဲများထိုးကာ အလုပ်စခန်းအဖြစ် အခြေချနေ ထိုင်ကြသည်။

လက်ရှိတွင် သစ်ခိုးထုတ်သူများက တူမီးသေနတ်ကို ပေါ်ပေါ်တင်တင် ကိုင်ဆောင်သွားလာနေပြီး ရေလုပ်သားများက သက်ဆိုင်ရာသို့ မတိုင်ရဲကြကြောင်း ယင်းကမ်းခြေနေ အခြားရေလုပ်သားတစ်ဦးက ဆိုသည်။

“ဒီဟာတွေက တိုင်ရဲတဲ့သူမှ တိုင်တာကိုး။ ရေလုပ်သားဆိုတာက ကိုယ့်ဟာကို စားဖို့တောင် မနည်းလုပ်နေရတာကိုး” ဟု ယင်းရေလုပ်သားက ပြောသည်။

ကြိုးဝိုင်းအတွင်းရှိ သစ်များခုတ်ယူပြီး ဘူးထောင့်ကမ်းခြေတစ်ဝိုက် ချောင်းရိုးအတွင်းနှင့် ရေအိုင်များအတွင်း မြှုပ်ထားပြီး ညဘက်အချိန်မှသာ လှေဖြင့် ခိုးထုတ်ကြသည်ဟု ၎င်းက ဆိုသည်။

သစ်ခိုးထုတ်မှုရှိသည်ဆိုသည့် ကိစ္စအပေါ် သက်ဆိုင်ရာဌာနကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလှထွေးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့ နယ်ထိန်းများကို နယ်မြေသတင်းစုံစမ်းစေပြီး ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဒုတိယရဲတပ် ဖွဲ့မှူးရဲမှူးကြီးကြည်စိုးက ဆိုသည်။

“တူမီးဆိုတာကလည်း လက်နက် အမျိုးအစားထဲမှာပါတဲ့အတွက် လက်နက် ဥပဒေအရ အရေးယူလို့ရတာပဲ။ ဒါကို အရေးယူသွားမယ်” ဟု ရဲမှူးကြီးကြည်စိုးက ပြောသည်။

ထို့အပြင် သစ်ခိုးထုတ်မှုများကိုလည်း ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရားမဝင်တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူသေဆုံးမှု ဖြစ်စဉ်များရှိခဲ့သည့်အတွက် အရေးယူကိုင်တွယ် သွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြော သည်။

“ဒါက တရားဥပဒေစိုးမိုးမှုအတွက် ပြဿနာတွေပဲ” ဟု ဦးအောင်စိုးမိုးက ဆိုသည်။

တူမီးသေနတ်လုပ်သည့် သံပြောင်းကို ထားဝယ်မြို့ပေါ်ရှိ ကုန်မာဆိုင်ကြီး အချို့တွင် အလွယ်တကူ ဝယ်ယူနိုင်သည်။

ယင်းကုန်မာဆိုင်များတွင် သေနတ်ပြောင်းလုပ်ရန် အရည်အသွေးကောင်းပြီး အပေါက်ပါသည့် သံချောင်းကို ၃ ပေ ၁၀ လက်မအရှည် ဖြတ်ပြီးရောင်းချ နေသည်။

တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက်အရ ကုန်မာဆိုင်အချို့တွင် ပြောင်းသံချောင်းဟု ပြောဆိုပြီး ဝယ်ယူနိုင်ကြောင်းသိရ သည်။

ယင်းကဲ့သို့ အပေါက်ပါသည့် ရိုးရိုးသံချောင်း တစ်ပေလျှင် ၁၅၀၀ ကျပ်သာ ပေါက်ဈေးရှိသည်။

ထိုအရည်အသွေးမကောင်းသည့် အပေါက်ပါ သံချောင်းများကို အခြားလုပ်ငန်းများတွင်သာ အသုံးပြုနိုင်ပြီး တူမီးသေနတ်ပြောင်းအဖြစ် အသုံးပြုပါက ပြောင်းကွဲထွက်နိုင်ပြီး ပစ်ခတ်သူကို အန္တရာယ်ဖြစ်စေသည်။

သေနတ်ပြောင်းလုပ်နိုင်သည့် ဆေးမှုတ်ပြီး သံချောင်းတစ်ချောင်းလျှင် တစ်သောင်းသုံးထောင်ကျပ်ဖြင့် ရောင်းချနေပြီး ရန်ကုန်မှ တင်သွင်းလာစဉ် ကတည်းကပင် ၃ ပေ ၁၀ လက်မ အရှည် ဖြတ်အသင့်ဖြတ်ပြီး ရောင်းချနေကြောင်း သံချောင်းရောင်းချနေသည့် ကုန်မာဆိုင်ဝန်ထမ်းက ဆိုသည်။

အဆိုပါသံပြောင်းအကျယ်မှာ ၁ စင်တီမီတာရှိပြီး ၀ ဒဿမ ၂ စင်တီမီတာ အထူရှိသည်။
သေနတ်ပြောင်းလုပ်နိုင်သည့် သံချောင်းကို ထားဝယ်ခရိုင်အတွင်းရှိ ကျေးလက်ဒေသနေသူများက အများဆုံးဝယ်ယူကြကြောင်း သိရသည်။

ယင်းကဲ့သို့ ရောင်းချနေသည့် ကုန်မာဆိုင်ပိုင်ရှင်များကို ခေါ်ယူပြီး အသိပညာပေးမည်ဖြစ်ကြောင်း ရဲမှူးကြီးကြည်စိုးက ဆိုသည်။

ယင်းသံချောင်းများက ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် အခြားလုပ်ငန်း များတွင်ပါ အသုံးပြုနိုင်သည့်အတွက် ဥပဒေအရ အရေးမယူနိုင်သော်လည်း တူမီးသေနတ်ဖမ်းမိချိန် ပြောင်းဝယ်ယူသည့် ဆိုင်ကို စစ်မေးပေါ်ပေါက်က အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အသိပညာတွေအရင်စပေးလိုက် မယ်။ ပေးပြီးတော့မှ ဆက်လက်ပြီး ရောင်းဝယ်ဖောက်ကားနေမယ်ဆိုရင် တစ်ဖက်ကလည်း တူမီးသေနတ်မိလို့ ဖော်ထုတ်လို့ရပြီဆိုရင် ကွင်းဆက်အနေနဲ့ အရေးယူဖို့ ဆက်လက်ဆောင်ရွက် သွားပါမယ်” ဟု ရဲမှူးကြီး ကြည်စိုးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း တူမီးသေနတ်များ အပ်နှံကြရန် ဆော်သြထားပြီး သက်ဆိုင်ရာ ရဲစခန်းများထံ လာရောက်အပ်နှံသူများလည်း ရှိသည်။