ပုံစံ (၇) အလွဲသုံးစားလုပ်မှုဖြင့် ကျေးရွာတာဝန်ခံ အစစ်ခံရ

0
548

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) အလွဲသုံးစားလုပ်မှုဖြင့် ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် ကျေးရွာတာဝန်ခံမှာ အစစ်ဆေးခံနေရကြောင်း ကျွန်းစုမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးစာရင်းအင်း ဦးစီးဌာနနှင့် ရွာသားများထံမှ သိရ သည်။

ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာ အုပ်စု၊ ဒုံးပုလဲအော်ကျေးရွာ၊ ပသွေးချောင်းအပိုင်းတွင်နေထိုင်သည့် ဥယျာဉ်ခြံစိုက်သည့် တောင်သူကိုးဦးထံမှ ပုံစံ ၇ များအား ကျေးရွာတာဝန်ခံ ဒေါ်မိုးမိုးသူ က ပုံစံ ၁၀၅ နှင့် ပုံစံ ၁၁ ကျအောင် လုပ်ပေးမည်ဟုဆိုကာ ၂၀၁၈ ဒီဇင်ဘာလမှ တောင်းယူခဲ့ပြီး ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက် ရွာသားများမှ လက်မှတ်ထိုးကာ ၂၀၂၀ ပြည့်နှစ် မေလက တနင်္သာရီတိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တောင်းယူခဲ့သည့် ရွာသားကိုးဦး၏ ဥယျာဉ်မြေစုစုပေါင်း ဧကလေးဆယ်ကျော်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ် အချိန်ကတည်းက ကွမ်းသီးပင်များ စိုက်ပျိုးထားရှိကြောင်း ရွာသားများက ပြောသည်။

“ကျွန်တော်တို့ အကြိမ်ကြိမ်တောင်းတာ သူက အမျိုးမျိုး အကြောင်းပြတယ်။ နောက်ဆုံးသိရတာက ဒီဟာတွေကို ပေါင်ထားတယ်ဆိုတာပဲ” ဟု ပုံစံ ၇ ပေး လိုက်ရသည့် ကိုလင်းကိုကိုဦးက ပြောသည်။

ပုံစံ ၇ နှင့်အတူ တောင်သူများ၏ အိမ်ထောင်စုမူရင်းများ၊ နိုင်ငံသားစိစစ် ရေးကတ်ပြားမူရင်းများကိုလည်း ကျေးရွာတာဝန်ခံမှ တောင်းယူခဲ့ပြီး အချို့မှာ ပြန်မရသေးကြောင်း ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ကျေးရွာတာဝန်ခံအား စစ်ဆေးရန်ညွှန်ကြားလာပြီး လက်ရှိအခြေအနေတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း ကျွန်းစုမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဆွေက ပြောသည်။

ကာယကံရှင် ဒေါ်မိုးမိုးသူကမူ ယင်းကိစ္စနှင့်ပတ်သက်ပြီး လောလောဆယ် အဖြေပေးရန် အဆင်သင့်မရှိသေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ဒုံးပုလဲအော်ကျေးရွာ တာဝန်ခံသည် လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ကျေးရွာနေဆလုံတိုင်းရင်းသားများအတွက် သမဝါယမချေးငွေ ကျပ်သိန်းခြောက်ဆယ်အား ချေးယူပြီး ဆလုံတစ်အိမ်လျှင် ကျပ်တစ်သိန်းနှုန်း ပြန်လည် ချေးပေးခဲ့သည်။

ယင်းနောက် ပြန်ဆပ်ရမည့်အချိန်တွင် ဆလုံအိမ်ထောင်စု အတော်များများမှ ပြန်မဆပ်နိုင်ကြသည့်အတွက် သူမအနေဖြင့် ကြံမိကြံရာကြံခဲ့ခြင်းဖြစ်ကြောင်း ရေမြစ်ကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး စမိုးဇော်ဦးက ရှင်းပြသည်။

“ဟိုက(သမဝါယမ)ကလည်း ခဏ ခဏစာထုတ်ပြီး တရားစွဲမယ်ဆိုတော့ တောင်သူတွေဆီက ပုံစံ ၇ ယူပြီး သွားပေါင်လိုက်မိတယ်။ အပြစ်ရှိတာက တောင်သူတွေကို သူ့အနေနဲ့ပွင့်ပွင့်လင်းလင်း မပြောပြတာပဲ” ဟု စမိုးဇော်ဦးက ပြောသည်။

ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဒုံးပုလဲအော်ကျေးရွာတွင် ဗမာလူမျိုး၊ ကရင် လူမျိုးနှင့် ဆလုံလူမျိုးများ နေထိုင်ကြပြီး တံငါနှင့် ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကြသည်။