အာဏာရှင်စရိုက်လက္ခဏာ

0
393

ကြာတော့ကြာပြီ။ ၁၉၅၀ လောက်က ထုတ်တဲ့စာအုပ်တစ်အုပ်ရှိတယ်။ အဒိုနို တို့ရေးကြတာ။ “အာဏာရှင်စရိုက် လက္ခဏာ” ဆိုတဲ့ စာအုပ်ပါ။ အတော် နာမည်ကြီးပါတယ်။ အခု ဒီစာတိုလေးမှာ အဲဒီစာအုပ်ထဲမှာ ရေးထားတဲ့ အာဏာရှင် စရိုက်လက္ခဏာတွေကိုပြန်လည်မျှဝေချင်ပါတယ်။

၁) အစဉ်အလာ ပြဋ္ဌာန်းချက်တွေထဲက အမှန်နဲ့အမှားအယူအဆကို ပြန်လည်မစဉ်းစားမဆင်ခြင်ဘဲ တရားသေလက်ခံ တတ်ကြတယ်။ ပြောရရင် အစဉ်အလာနှုန်းစံ ကြီးစိုးမှုအားကောင်းတယ်။

၂) အာဏာရှိသူကို လေးစားနာခံတယ်။ နောက်ဆက်တွဲ အနေနဲ့ကတော့ အားကောင်းမောင်းသန် ခေါင်းဆောင်မျိုးကို မျှော်လေ့ရှိကြတယ်။ နောက်လိုက်တွေ အနေနဲ့က ဒီခေါင်းဆောင်ဘာပဲဖြစ်ဖြစ် မျက်လုံးစုံမှိတ်လိုက်ကြတယ်။

၃) သူတို့ရဲ့ဒေါသတွေကို သူတို့ကို ပြန်ပြီး အန္တရာယ်မပြုနိုင်သူမျိုးတွေဆီမှာ ပုံချလေ့ရှိတတ်ကြတယ်။ တကယ်က အာဏာရှင်ကြီးစိုးတဲ့ပတ်ဝန်းကျင်မျိုးမှာ လူတွေဟာ မျိုသိပ်ထားရတဲ့ဒေါသတွေ အမြဲလိုပြည့်လျှံ နေတတ်တယ်။ ဒီအခါ သူတို့အနေနဲ့ သူတို့ဒေါသတွေကို ပုံချလို့ ရတဲ့သူတွေကို ပုံချတော့တာပဲ။

၄) လူတွေအပေါ် အယုံအကြည်မဲ့ ကြတယ်။ အထူးသဖြင့် မတူကွဲပြားခြား နားသူတွေဟာ ကောင်းတယ်လို့ကို မယုံဘူး။ အခြားသူတွေလည်းဆိုးတာပဲ၊ တို့ထက်တောင် ပိုဆိုးသေးတယ်လို့ ယုံကြည်လိုက်ရင် ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ သိပ်မခံစားရတော့ဘူး။ ဒီတော့ယုံကြည်မှုအားနည်းတဲ့ဝန်းကျင် တစ်ရပ်ဖြစ်လာတာပဲ။

အကျိုးဆက်ကတော့ လူတွေက ဆိုးတဲ့အတွက် ပြင်းထန်တဲ့ဥပဒေတွေ၊ အားကောင်းကြမ်းတမ်းပြတ်သားတဲ့ ရဲတပ်ဖွဲ့၊ စစ်တပ်တွေ လိုတယ်ဆိုတဲ့ အမြင်မျိုး လွှမ်းမိုးနေတယ်။

၅) သူတို့က အားနည်းနေတယ်ဆိုတဲ့ စိတ်မလုံခြုံမှုရှိတဲ့အတွက် အစွမ်းထက်တဲ့ ခေါင်းဆောင်ရှိဖို့ အရေးကြီးတယ်။ အင်အားကြီးမားတဲ့အစုအဖွဲ့ရဲ့အစိတ်အပိုင်းဖြစ်ဖို့အရေးကြီးတယ်လို့ မြင်ကြတယ်။ ဒီတော့ အစွမ်းထက်တဲ့ ခေါင်းဆောင်ကို တကြတယ်။ အင်အားကြီးမားတဲ့ အစုအဖွဲ့အဖြစ်ပုံဖော်ကြတယ်။

၆) အလွန်အကျွံ အလွယ်တွေးကြတယ်၊ ပြောရရင်ငါတို့ခေါင်းဆောင်ကြီးက ဘာလုပ်လို့ ညွှန်ကြားရင်၊ ဘုရားသခင်နဲ့ ဘာသာတရားက လမ်းညွှန်ထားရင်ငါတို့ အနေနဲ့ ဒါတွေကို စဉ်းစားဆုံးဖြတ်ဖို့ တာဝန်ယူစရာမလိုတော့ဘူး။ ပြောတဲ့အတိုင်း လိုက်နာပြီး လိုက်လုပ်ရုံပဲ ဆိုတဲ့ စဉ်းစားပုံမျိုးတွေ အားကောင်းတယ်။

၇) အန္တရာယ်ရှိတဲ့ အတွေးအခေါ် တွေကို အမြဲတမ်း ကြပ်မတ်ဟန့်တား ထားတယ်။ အာဏာရှင်တွေဟာ အတွေးအခေါ်အသစ်၊ အစဉ်အလာဘောင်ကိုကျော်တဲ့ ဖြေရှင်းနည်း၊ ဖန်တီးတီထွင်တဲ့ စဉ်းစားချက်တွေကို အန္တရာယ်လို့မြင်ပြီး အမြဲဆန့်ကျင်လေ့ရှိကြတယ်။

၈) ငါက သန့်စင်တယ်။ အခြားသူတွေက ဆိုးယုတ်တယ်ဆိုတဲ့ အမြင်မျိုးတွေကို ကိုင်စွဲထားကြတယ်။

၉) မိမိကို ဗဟိုပြုစံထားတဲ့ အတွေးအခေါ် – ethnocentriam အားကောင်းတယ်။ ဒီတော့ ငါတို့မှာ ရှိတာတွေက မင်းတို့ထက်သာတယ်ဆိုတဲ့ အစွဲကြီးတယ်။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့မိသားစု၊ ငါဆိုတဲ့အစွဲတွေကြီးတယ် ဒီတော့ မဟာလူမျိုးကြီး ဂျာမနီဟာတခြား လူမျိုးတွေထက်မြင့်မြတ် သန့်စင်တယ်ဆိုတဲ့ အမြင်အတွေးအခေါ်မျိုးတွေ အားကောင်းခဲ့တာပေါ့။

စာလည်း ရှည်ပါပြီ။ Adorno တို့ ရေးတဲ့ Authoritarian Personality ဆိုတဲ့စာအုပ်ထဲက အာဏာရှင်စရိုက် လက္ခဏာတွေကို စဉ်းစားပွားများနိုင်ဖို့အတွက် မိတ်ဆက်ထုတ်နုတ်ပြတာပါ။

ဒါနဲ့ တဆက်တည်း ပြောချင်တာက Histrionic Personality Disorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးကိုလည်း ပြောချင် ပါသေးတယ်။ အာဏာရှင် စရိုက်လက္ခဏာနဲ့ ဒီစိတ်ရောဂါက တွဲစပ်နေတယ်လို့ စဉ်းစားမိလို့ပါ။ သူများတွေ အလေးပေးတာကို ခံချင်တဲ့စိတ်ကစဉ့်ကလျား အခြေအနေတစ်မျိုးပါ။ သူများတွေ အလေးပေးတာကို ခံချင်တော့ သူများတွေရဲ့အမြင်တွေကို အရမ်းကို ဂရုစိုက်ပြီးအရမ်းကို နာလိုခံခက်ဖြစ်လာတယ်။

အဲ့ဒီကမှ ဝေဖန်မှုတွေ၊ သဘော မတူမှုတွေကို အလွန်အကျွံ အကဲတဆတ်နဲ့ တုံ့ပြန်တတ်လာကြတယ်။ အဲ့လိုမျိုး စိတ်ရောဂါမျိုးပါ။ အာဏာရှင်စရိုက် လက္ခဏာရှိသူတွေမှာ တွေ့ရတတ်တဲ့ စိတ်ရောဂါ တစ်မျိုးလို့မြင်ပါတယ်။ အဲ့ဒါကို Histrionic Personality Disorder လို့ခေါ်ပါတယ်။ အဲ့လိုမျိုးတွေများ မိတ်ဆွေတို့ တွေ့မိတယ်ဆိုရင် ကျွန်တော့်ကို အသာလက်တို့ပြီး အကြောင်းလေးဘာလေး ကြားပေးပါဦး။

ကိုရဲ