အနာဂတ်မျိုးဆက်အတွက် အခြေခံ အုတ်မြစ်

0
458
editorial

အစိုးရများ၏ အလုပ်မှာ သက်ဆိုင်ရာ နိုင်ငံသူနိုင်ငံသားများ ကိုယ်စီကိုယ်ငသော ပန်းတိုင်များထံ ရောက်ရှိစွမ်းဆောင်နိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဖော်ဆောင်နိုင်ရေး ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် ဖြစ်သည်။

ထပ်ရှင်းရလျှင် ဥပမာအားဖြင့် ချမ်းသာကြွယ်ဝလိုသူတို့ ကောင်းမွန်စွာ စီးပွားရှာနိုင်ရန်၊ ပညာရှာလိုသူတို့ ကောင်းစွာပညာရှာနိုင်ရန်၊ တရားရှာလိုသူတို့ စိတ်အေးချမ်းသာစွာ တရားရှာနိုင်ရန် ဝန်းကျင်စနစ်ကောင်းများ ဖန်တီးပေးထားရေး ဖြစ်သည်။

အစိုးရများတွင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာများ၊ ဌာနအဖွဲ့အစည်း များ၊ ဆက်သွယ်ညွှန်ကြားသည့် ပုံစံများရှိသော်လည်း အစိုးရများ၏ တကယ်ဘုံ အလုပ်၊ ရည်မှန်းချက်မှာ အထက်ပါအတိုင်းသာ ဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်း တနင်္သာရီအပတ်စဉ်အနေနှင့် ရေချိုရှားပါးလာမည့်အရေး၊ လယ်ယာမြေများမြေဖို့ အကွက်ရိုက်ခြင်းများကို ထုတ်ဖော်အလေးပေး ဖော်ပြခဲ့သည်။

လူဦးရေ ထူထပ်လာသည်နှင့်အမျှ နေအိမ်အမိုးအကာ လိုအပ်ချက် များပြားလာမည်ဖြစ်ရာ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများတွင် ချဲ့ထွင် အိမ်ရာဖော်ခြင်းများ ရှိလာသည်မှာ မဆန်းပါ။

သို့သော် ထိုသို့ချဲ့ထွင် အိမ်ရာဖော်ခြင်းမှာ တစ်မြို့ဒေသတစ်ခုလုံးကို ခြုံ၍စီမံ လုပ်ကိုင်ခြင်းမဟုတ်ဘဲ တစ်ဦးတစ်ယောက် တစ်ဖွဲ့က အဆင်သင့်သလို လုပ်ကိုင်လျက်ရှိသည်။

သဘောတရားအရ ဆိုရပါက လူဦးရေ ထူထပ်များပြားလာမှုကြောင့် မြို့ပြချဲ့ထွင်လာခြင်း လိုအပ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း အကန့်အသတ်ဖြင့်သာရှိသော ရေ၊ မြေ၊ လေ ဝန်းကျင်ကောင်း ရေရှည်တည်တံ့ရေးနှင့် ဟန်ချက်ညီရန်လိုသည်။ ယင်းမှာ အစိုးရကသာ စီမံကိန်းချ လုပ်ကိုင်နိုင်သည့် အရေးကိစ္စဖြစ်သည်။

ထိုကြောင့် လူတစ်ဦးချင်း အစုအဖွဲ့အလိုက် ထင်သလို အကွက်ရိုက်ရောင်းချ နေထိုင်ပါက နောင်တွင် ရေ၊ လေ၊ မြေ နှင့် ဝန်းကျင်ကောင်း ပြဿနာများနှင့် အနာဂတ်တွင် မုချကြုံလာမည်ဖြစ်သည်။

ယခုအချိန်တွင် မသိသာသော်လည်း နောင်တွင် ပြဿနာများ စုဆုံလာ နိုင်သည်။ ထိုအခါ နောင်မျိုးဆက်တို့က ယခု စီမံလုပ်ကိုင်ခဲ့သူများကို လက်ညှိုးထိုး အပြစ်တင်ကြပေလိမ့်မည်။

ထိုကြောင့် အစိုးရတို့အနေနှင့် အမြန်လက်တွေ့အဖြေပြနိုင်သော Quick Win များတွင်သာ သာယာမနေဘဲ နောင်မျိုးဆက်တို့အတွက် အခြေခံတည်ဆောက် အုတ်မြစ်ချပေးရမည့် စီမံရေး ကိစ္စများကိုလည်း လက်ရှောင် မနေသင့်ပါကြောင်း အလေးပေးဖော်ပြလိုပါသည်။

အယ်ဒီတာ (ဇွန် ၂၀၊ ၂၀၂၀)