ကျွန်ုပ်တို့ အမှတ်ရနေမှာပါ

0
1740
editorial

နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့က ထုတ်သည့် စာတစ်စောင်တွင် အလွန်လှပ အဓိပ္ပာယ်ရှိသော မူဝါဒ စကားရပ်တစ်ခု ပါရှိသည်။

“လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No one left behind Policy) ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်”ဟု ဖော်ပြထားပါသည်။

ကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်သည့် နိုင်ငံတော်၏ မူဝါဒကို ယင်းစာတွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။

သို့သော် ထားဝယ်ခရိုင် အပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ ချန်လှပ်ခံ နေရသော အရေးကိစ္စတစ်ခုက ထိုမူဝါဒကို လှောင်ပြောင်သရော်နေသလိုပင်။

(က)

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့များ (နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့များမပါ) အိမ်သုံးလျှပ်စစ်မီတာအတွက် ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားခ ကင်းလွတ်ခွင့် ယူနစ် ၁၅၀ အထိ ပေးအပ်မည်ဖြစ်ကြောင်း ကိုဗစ်နိုင်တီး ကာကွယ်၊ ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ယင်းမှာ မဟာဓာတ်အားလိုင်းရရှိနေသော နေရာများတွင် အဓိက အကျုံးဝင်ပြီး တနင်္သာရီတိုင်းဒေသကြီး ကဲ့သို့ မဟာဓာတ်အားလိုင်းမဲ့ ဒေသတွင် တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ရန်ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ဥာဏ်စွမ်းရှိသရွေ့ လုပ်ဆောင်ရှာပါသည်။ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ်မီတာခ ယူနစ် ၁၅၀ အခမဲ့သုံးစွဲနိုင်ရေး ကျပ်သိန်းပေါင်း ငါးသောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တောင်းခံလိုက်သည်။ သို့သော် တိုင်းအစိုးရအဖွဲ့ဝန်ကြီးတစ်ဦး၏ အဆိုအရ ဧပြီလကုန်သည့်တိုင် ပြည်ထောင်စုအစိုးရအဖွဲ့က အကြောင်းပြန်ကြားမလာခဲ့ပါ။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ကြိုးစားရှာပါသည်။ သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများကို ဧပြီတစ်လ မီတာခ အတိုင်းအတာ တစ်ရပ်အထိ လျှော့ချပေးရေး ညှိနှိုင်းပါသည်။ မြိတ်နှင့် ကော့သောင်းခရိုင်ရှိ ကုမ္ပဏီအချို့က လျှော့ချပေးပါသည်။ အချို့က အိမ်သုံး ၁၀ ယူနစ် အခမဲ့ပေးသည်၊ အချို့ကလည်း လျှပ်စစ်မီတာခကို လျှော့ချပေးသည်။ အချို့က နှစ်မျိုးစလုံးပေးသည်။

သို့သော် တနင်္သာရီတိုင်းဒေသကြီး၏မြို့တော် ထားဝယ်တည်ရှိရာ ထားဝယ်ခရိုင်တွင်မူ မီတာခလျှော့ပေးရန် သို့မဟုတ် အတိုင်းအတာ တစ်ရပ်အထိ အခမဲ့ပေးရန် သဘောတူညီချက်မရပါ။

ထားဝယ်ခရိုင်ရှိ လျှပ်စစ်မီးသုံးပြည်သူများသည် မြိတ်နှင့် ကော့သောင်းခရိုင်ထက် ပိုဈေးသက်သာသော လျှပ်စစ်မီတာခ ရရှိနှင့်ပြီးဖြစ်သည်မှာ မှန်ပါသည်။ သို့သော် ယခု အရေးကိစ္စသည်ငွေကြေး ကိစ္စသက်သက်မျှ မဟုတ်ပါ။

ထားဝယ်ခရိုင်အပါအဝင် တနင်္သာရီတိုင်းဒေသကြီးရှိ ပြည်သူများမှာ ပြည်ထောင်စု၏ လျှပ်စစ်ကျိန်စာ အောက်တွင် ကောင်းစွာအသားကျနေထိုင်လာခဲ့ပြီးဖြစ်ရာ ထိုမျှသော ငွေကြေးမှာ မပြောပလောက်ပါ။ ထိုကြောင့် လျှပ်စစ် ကိစ္စသည် ငွေကြေးကိစ္စသက်သက်မျှ မဟုတ်ပါ။
သို့သော် ယင်းမှာ စိတ်ခွန်အားကိစ္စဖြစ်သည်။ အလေးပေးဆက်ဆံ ခံလိုမှု ကိစ္စဖြစ်သည်။ တန်းတူညီတူ ရှိသည်ဆိုသော စိတ်ခံစားမှုကိစ္စ ဖြစ်သည်။

(ခ)

ကိုဗစ်နိုင်တီးကပ်ရောဂါသည် တစ်ကမ္ဘာလုံး၏ လူမှုစီးပွားဘ၀များကို ကိုင်လှုပ်ပစ်လိုက်သည်။ စီးပွားရေးလုပ်ငန်းများ ရပ်ကုန်သည်။ လူတွေ အလုပ်ပြုတ်ကြရသည်။ ရှောင်လွှဲ၍ မရပေ။
စာဖတ်သူများ၊ စီးပွားရေးလုပ်ငန်းများ၏ ကြော်ငြာများနှင့် အလှူရှင်များ အပေါ်တွင် ရှင်သန်ရပ်တည်ရ သော သတင်းမီဒီယာ လုပ်ငန်းများသည်လည်း ရှောင်လွှဲမရပါ။ ဝင်ငွေများစွာ ကျဆင်းသည်။

ရန်ကုန်အခြေစိုက် သတင်းမီဒီယာတစ်ခုဆိုလျှင် ဝန်ထမ်းပေါင်း ၇၀ ကို အလုပ်မှ ရပ်နားလိုက်ရသည်။ အခြားသတင်းမီဒီယာတိုက်များသည်လည်း ဝန်ထမ်းလျှော့ခြင်း၊ လစာလျှော့ခြင်း၊ အသုံးလျှော့ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးဖြင့် ပြင်ဆင်နေရသည်။

ထိုအရေးကို Dawei Watch နှင့် တနင်္သာရီ အပတ်စဉ်သည်လည်း ရှောင်လွှဲ၍ မရပါ။ သို့သော် ထိခိုက်မှု အနည်ဆုံးလမ်းကြောင်းကို ရွေး၍ အနာဂတ်အတွက် ရှင်သန်ရပ်တည်ရေး စဉ်းစားဆုံးဖြတ်ရ ပါသည်။

ကံကောင်းထောက်မစွာပင် (နည်းပညာ အကြံပေးတစ်ဦးအတွက် လစဉ်ချီးမြှင့်ငွေ ရပ်ဆိုင်း လိုက်ရ သည်မှ အပ) လစာချီးမြှင့်ငွေ ရပ်လိုက်ရသော ဝန်ထမ်း တစ်နည်းအားဖြင့် အလုပ်ရပ်နားလိုက်ရသော လုပ်ဖော်ကိုင်ဖက် တစ်ဦးမျှ မရှိပါ။

Dawei Watch / တနင်္သာရီအပတ်စဉ် ရှိ အယ်ဒီတာ နှစ်ဦးက ၎င်းတို့၏ လစာ ထက်ဝက်ထက်မနည်း သတင်းစာတိုက်သို့ ပြန်လည်ထည့်ဝင်ရန် သဘောတူပြီး ကျန်ရှိသော လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများက လစာ၏ ၅ ရာခိုင်နှုန်းမှ ၂၈ အထိ သတင်းစာတိုက် ဆက်လက်လည်ပတ်ရေး ပြန်လည်ထည့်ဝင်ကူညီပေးရန် သဘာတူညီကြပါသည်။

ယခုအခြေအနေကို နားလည်လက်ခံပြီး မည်သူမျှ စောဒက မတက်၊ အထူးအထွေ မေးခွန်းမထုတ်ကြပါ။

ယင်းမှာ ငွေကြေးသက်သက်ထက် များစွာပိုသော စိတ်ခွန်အားကိစ္စ ဖြစ်သည်။ မရေရာသော နေ့ရက်များ၊ ကမ်းမမြင်လမ်းမမြင် နေ့ရက်များ၊ မည်သည့် အချိန်တွင် မည်သို့သော ပုံစံဖြင့် ပြီးဆုံးသွား မည်ကို မသိသော ကပ်ဘေးနေ့ရက်တို့အကြား များစွာစိတ်ခွန်အား ဖြစ်စေသော ကိစ္စဖြစ်သည်။

လှိုင်းတံပိုးကာလအကြား အတူတူရုန်းကန် ရှင်သန်ခဲ့ကြသည်ဟူသော စိတ်ခွန်အား ကိစ္စဖြစ်သည်။

“သတင်းစာ ပြန်မထွက်သေးဘူးလား”ဟူ တစ်မေးတည်း မေးကြသော စာဖတ်သူများ၊ မရေရာသော လုပ်ငန်းအခြေအနေရှိသော်လည်း ကြော်ငြာဆက်လက်ထည့်ဝင်ပေးကြသူများ၊ အခြေအနေကို အစဉ်မပြတ် လှမ်းမေးကြပြီး ထောက်ကူပေးရန် အဆင်သင့်ဖြစ်နေသော မိတ်ဖက်အဖွဲ့များ၊ အလှူရှင်များ၊ မိတ်ဆွေများ ကြောင့်လည်း သတင်းစာဆက်လက် ထုတ်ဝေရေးအင်အားဖြစ်စေပါသည်။ စိတ်ခွန်အား ဖြစ်စေပါသည်။

(ဂ)

တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူများသည်လည်း စိတ်ခွန်အားလိုပါသည်။ တတ်နိုင်သမျှ အိမ်တွင်းအောင်းနေပြီး ပုံမှန်အလုပ်များ၊ လူမှုရေးရာကိစ္စ ရပ်ဆိုင်းထားရသူများ၊ မရေရာမှုနှင့် အကြောက် တရားတို့ကို မတွက်အားဘဲ ဝမ်းရေးအတွက် ရုန်းကန်နေရသော ပြည်သူများအတွက် ကပ်ဘေးကြီးကို ရေရှည် ရင်ဆိုင်ရေး စိတ်ခွန်အားလိုအပ်ပါသည်။

ဗြိတိန်နိုင်ငံ ဂလပ်စဂို တက္ကသိုလ်မှ ကျန်းမာရေးဆိုင်ရာ စိတ်ပညာ ပါမောက္ခရွိုင်းက ယခုကပ်ဘေး ကာလကြီးအတွင်း လူထုစိတ်ကျန်းမာရေးကို များစွာထိခိုက်စေနိုင်သည့် ကိစ္စကို အထူးအလေးထားရန် တိုက်တွန်းထားသည်။

“ကျွန်တော်တို့ ဘာမှ မတတ်နိုင်ပါဘူး။ လုပ်နိုင်ဖို့ အင်အားလည်း မရှိပါဘူးဆိုပြီး ဖြစ်မသွားဖို့ လိုပါတယ်”ဟု သူက သတိပေးသည်။

အိမ်တွင်နေ၊ လက်ဆေး၊ လူတွေနှင့် မရောနှင့်၊ ခပ်ခွာခွာနေ၊ ဟိုသွားဒီသွား မလုပ်နှင့်၊ အပြင်ထွက် နှာခေါင်းစည်းတပ်၊ ဘယ်လိုနေ၊ ဟိုလို မနေနှင့် စသည့် အမျိုးမျိုးသော တားမြစ် စောင့်ထိန်းမှုတို့ကို လိုက်နာကာ ကပ်ဘေး ကြီးကို စိတ်ရှည်သည်းခံ တိုက်ဖျက်နေချိန်တွင် လူထုအားလျော့မသွားဖို့ လိုသည်။ ရှေ့ဆက် အားတင်းထားနိုင်ရေး ခွန်အား၊ စိတ်ဓာတ် လိုပါသည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးအပ်သော လျှပ်စစ်မီတာခ ယူနစ် ၁၅၀ အခမဲ့ဟူသော ကိစ္စသည် ငွေကြေးကိစ္စ ထက်များစွာ ပိုပါသည်။ ယခုကဲ့သို့သော ကပ်ဘေးကာလအတွင်း အစိုးရက စောင့် ရှောက်သည်ဟူသော စိတ်ခံစားမှု၊ မပစ်ထား၊ ဖေးမသည်ဟူသော စိတ်ခံစားမှု၊ စိတ်ခွန်အားကို ဖြစ်စေသည်။ ကပ်ဘေးကြီးကို အတူတူရင်ဆိုင်ကြမည် ဟူသော ခံစားမှုကို ဖြစ်စေသည်။

ထားဝယ်ဒေသ အပါအဝင် တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှ မဲဆန္ဒရှင် ပြည်သူများ လျှပ်စစ်ယူနစ်လျှော့ပေးရေး သို့မဟုတ် ယင်း ကိစ္စတစ်စုံတစ်ရာ ထောက်ကူ ပေးရေး အရေးဆိုနေကြသည်မှာ ငွေကြေး ကိစ္စကြောင့် မဟုတ်လှပါ။ တကယ်တော့ ယင်းငွေပမာဏသည်လည်း ပြည်ထောင်စု အစိုးရက ကပ်ဘေးကာလ ကျော်ဖြတ်ရေး သုံးစွဲမည်ဟု ရည်ရွယ်ထားသော အမေရိကန်ဒေါ်လာ ဘီလီယံ ချီသော ပမာဏနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သော ပမာဏသာဖြစ်သည်။

ထိုကြောင့် တနင်္သာရီတိုင်းတွင် ကပ်ဘေးကာလ လျှပ်စစ်ဓာတ်အားခ ခံစားခွင့်ရရေးဆိုသည့် ကိစ္စသည် ငွေကြေး ကိစ္စ တစ်ခုတည်း သက်သက်မဟုတ်ပါ။ အစိုးရက ပစ်မထား၊ ဂရုစိုက်သည်၊ အလေးပေးသည်၊ ယနေ့ကဲ့သို့သော ကပ်ဘေးကြီးတွင် အတူတူ ရင်ဆိုင် ကျော်ဖြတ် ကြသည်ဟူသော စိတ်ခံစားမှု၊ ခွန်အား၊ ငါတို့သည် အပယ်ခံမဟုတ် ဟူသော စိတ်ခံစားမှုက ပိုပါသည်။

သို့သော် ကံအကျိုးပေး မကောင်းလှစွာပင် တနင်္သာရီသားတို့ ယင်းခံစားမှု ကို မရကြပါ။

နိုင်ငံတော် သမ္မတရုံး၏ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ တနင်္သာရီတိုင်း တွင် မလွှမ်းနိုင်ပါ၊ ပြည်ထောင်စု အစိုးရအဖွဲ့ကို လက်တွေ့ ဦးဆောင်နေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ညွှန်းဆိုလေ့ရှိသော “မေတ္တာ”ကား တနင်္သာရီတိုင်းသို့ လွှမ်းပုံမရပါ။

တစ်ချိန်ချိန်ကြရင်တော့ ကပ်ဘေးကြီး ပြီးသွားပါလိမ့်မည်။ ပုံမှန် အခြေအနေသစ်တစ်ရပ် (A new Normal) တွင် ဆက်လက်ရှင်သန် ကြဦးမည်ဖြစ်သည်။

ထိုအချိန်ကြလျှင်တော့ သမိုင်းဝင် ကပ်ဘေးကာလအတွင်း မည်သို့ အတူတကွ ရုန်းကန်ခဲ့ကြသည်၊ မည်သူတို့က မည်သို့ စိတ်ခွန်အားပေးခဲ့ကြသည်၊ မည်သူတို့က မည်သို့ ပစ်ပယ်ထားခဲ့ကြသည်၊ လျစ်လျူရှုခဲ့ထားကြသည်ကိုတော့ အမှတ်ရနေကြမည်၊ ပြန်ပြောင်း ပြောဖြစ်နေမည်ဖြစ်သည်။
သေချာပါသည်။ ကျွန်ုပ်တို့ အမှတ်ရ နေမည် ဖြစ်သည်။

အယ်ဒီတာ (မေ ၁၊ ၂၀၂၀)