ကပ်ဆိုးအကြောင်းပြု ပေါင်းစုကြသည်၊ သို့သော် အချိန်ကြာလာသောအခါ

0
678
ဓာတ်ပုံ - ဝေယံစိုး

(“ကပ်ဆိုးအကြောင်းပြု ပေါင်းစုခွင့်”ဘ၀ဟန်ဆောင်းပါးကို မတ်လ ၃၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည်။ အချိန်ကြာကြာ အိမ်တွင် အတူတူနေလာရသောအခါ ထိုပေါင်းစု ခွင့်ကား မည်သို့ အဓိပ္ပာယ်ဆောင်လာပြီ နည်း။ ယခု အချိန်တစ်လ ကြာပြီးနောက် ထိုဆောင်းပါးတွင် မေးမြန်းထားသူများ ကို ပြန်လည်မေးမြန်းကာ ရေးသားဖော်ပြ ထားပါသည်။)

ပြီးခဲ့သည့်လကလိုပင် မြိတ်မြို့၊ မြိတ်တောင်ရပ်နေ ဒေါ်မြင့်ကြည်တို့အိမ်တွင် သား/သမီး ကလေးလူကြီးအကုန် လူစုံနေဆဲ ဖြစ်သည်။

ထမင်းဟင်း ချက်လျှင် အိမ်သား အားလုံးက သူတစ်လက်ငါတစ်လက် ပျော်ပျော်ရွှင်ရွှင် ဝိုင်းချက်ကူကြ၊ အိမ်သား အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အရင်ကထက် ပိုပြီးဂရုစိုက်လာကြ ဖြင့် ယခုတစ်ကြိမ်သာ စုစုလုံးလုံးနေဖူးသဖြင့် ကိုရိုနာရောဂါကာလအဆိုးထဲမှ မိသားစု လူစုံ ဆုံနေခွင့်ရသည်မှာ အဆိုးထဲက အကောင်းပင် ဖြစ်ကြောင်း ဒေါ်မြင့်ကြည်က ယခင်လက ပြောခဲ့သည်။

ယခုမူ ဒေါ်မြင့်ကြည် လေသံ အနည်းငယ် ပြောင်းလာပါပြီ။

“တစ်နေ့တစ်နေ့ ချက်ပြုတ်စား သောက် အိပ်လိုက်နဲ့ ဘ၀က မပြီးသေး ဘူးလေ။ အလုပ်အကိုင် ဝင်ငွေကလည်း ခုချိန်မှာ မရေရာ သားသမီးတွေ ပညာရေး ကလည်း မသေချာ။ အိမ်မှာမိသားစု အတူတူရှိတာ ပျော်မိတယ်ဆိုတာထက် အခုကစီးပွားရေး ကျန်းမာရေးအတွက် စိုးရိမ်လာရတဲ့ အနေအထားကို ရောက် လာပြီပေါ့”ဟု ဒေါ်မြင့်ကြည်က ပြောလာသည်။

သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာနေ မအိမွန်ဖြိုးကလည်း ရန်ကုန်ရုံးက အလုပ်ကိစ္စများကို အိမ်ကလုပ်နေရင်း ရည်ရွယ်ထားသည့်အတိုင်းပင် ထားဝယ် မုန့်မျိုးစုံကို မိသားစုနှင့်အတူ လုပ်စား ဖြစ်ကြောင်း ပြောပါသည်။

ယခင်လကတော့ ရုံးအလုပ်များ အိမ်မှာနေရင်းလုပ်ရသည်ကို ပျော်နေပါ သည်။ ယခုမူ သူမ ရုံးက လုပ်ဖော်ကိုင် ဖက်များကို လွမ်းနေပါပြီ။

“အိမ်ကနေ အလုပ်လုပ်နေရတဲ့ ကာလဆိုတော့ အလုပ်ခွင်ထဲမှာနဲ့ မတူ ဘူးလေ။ အလုပ်ခွင်ထဲမှာကတော့ ဝန်ထမ်း တွေအများကြီးနဲ့ လုပ်ရတယ်။ အခုက အိမ်မှာဆိုတော့ တစ်ယောက်တည်း ဆိုတော့ ကြာလာတော့ အမြန်ပဲပြန်ဖွင့် ပါ။ မြန်မြန်ပဲ ရုံးပြန်ဖွင့်ပါဆိုပြီး ဖြစ်နေ ပြီစိတ်ထဲမှာ”ဟု မအိမွန်ဖြိုးက ပြောပါသည်။

မြိတ်မြို့၊ ဇေယျသီရိရပ်နေ အသက် ၁၃ နှစ်ရွယ် ၈ တန်းကျောင်းသူ မယမင်း မြတ်ကတော့ ကိုရိုနာကာလအတွင်း အမေ့ကို ထမင်းကူချက်ရင်း၊ ထမင်းချက် နည်းနှင့် အိမ်မှုကိစ္စများ သင်ယူဖြစ်နေပါသည်။

ယင်းသို့ အမေ့ကိုကူရင်း မောင်နှမ တသိုက် ဆော့နေရသည်ကို ပျော်လှ ကြောင်း မယမင်းမြတ်က ယခင်လက ပြောဆိုခဲ့ပါသည်။ ယခုမူ သူမ၏သူငယ်ချင်းများကို လွမ်းတတ်နေပါပြီ။

“ထမင်းတွေဟင်းတွေကတော့ တော်တော်လေးချက်တတ်နေပြီ။ ဒါပေမဲ့ ကျန်တဲ့အချိန်ဆို တီဗွီထိုင်ကြည့်လိုက် အမေ့ဖုန်းနဲ့ ဂိမ်းဆော့လိုက် အိပ်လိုက် စားလိုက်နဲ့ ကြာလာတော့ ငြီးငွေ့လာ တယ် သူငယ်ချင်းတွေနဲ့ မတွေ့ရတာလည်း ကြာပြီ”ဟု မယမင်းမြတ်က ပြောပါသည်။

ဆဋ္ဌမတန်းကျောင်းသူ မိခင်ဖြစ် သော လောင်းလုံးမြို့နယ် အင်းဝန်း ကျေးရွာနေ ဒေါ်ဖြူနှင်းသည်လည်း ယခင် နှစ်များက သားသမီးများကို နွေသင်တန်း အမျိုးမျိုးပို့ခဲ့သော်လည်း စိတ်မချ ဖြစ်ခဲ့ ရပြီး ယခုက ကိုယ့်ရင်ခွင်ထဲ ထည့်ထားရ သဖြင့် ပိုစိတ်ချလက်ချဖြစ်ရကြောင်း ယခင်လက ပြောခဲ့ပါသည်။ ကပ်ရောဂါ ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ကပ်ရောဂါကို အကြောင်းပြုကာ မိသားစု စုံခွင့်ရသဖြင့် စိတ်ချမ်းသာလှ ကြောင်း ဒေါ်ဖြူနှင်းက ပြောခဲ့သည်။

သို့သော် တစ်လကြာပြီးနောက် ဒေါ်ဖြူနှင်းတစ်ယောက် ကလေးတွေကို ကျောင်းပို့ချင်နေလေပြီ။ ဟိုပူဆာ ဒီပူဆာ ဒဏ်များ မခံနိုင်တော့ပါ။ ယောက်ျားကို အမြင်ကတ်တတ်လာပြီဖြစ်သည်။
ထိုသို့ ပြောဆိုပြီး တစ်လကြာ ပြီးနောက် ဒေါ်ဖြူနှင်း၏ လေသံကို နားထောင်ကြည့်ပါ။

“အခုအိမ်မှာလား တစ်ယောက် တည်း ဒိုင်ခံ သိမ်းဆည်းလုပ်နေရတယ်။ (ယောက်ျားက) အပြင်လေးခဏ ထွက်လိုက် အင်္ကျီတစ်ထည် ကောက်စွပ် လိုက်၊ ပြန်လာရင်နီးတဲ့နေရာ ချွတ်ထား လိုက်။ ယောက်ျားဆိုတော့ ယောက်ျား ဆိုတဲ့အတိုင်းပဲ။ တစ်နေ့တစ်နေ့ လျှော်လည်းကိုယ်၊ ထမင်းချက်၊ ဟင်းချက်လည်းကိုယ် တစ်ယောက်တည်း ဒိုင်ခံလုပ်နေရတာ။ ဘယ်လိုပြောရမလဲ ကြာလာတော့ မြင် (တွက်ပုံလိုက်ချင်) ဆိုသလိုပေါ့”

ယောက်ျားကို အိမ်အလုပ်နည်း နည်းပါးပါးတော့ ကူပေးစေ ချင်သည်။ ခိုင်းရင်တော့ လုပ်ပေးပါ သည်။ သို့သော် ဒေါ်ဖြူနှင်းအတွက် ခိုင်းရသည်ထက် ကိုယ်တိုင်သာ လုပ်လိုက်ချင်သည်။ ခိုင်းရသည်က ပိုပင်ပန်းသည်တဲ့လေ။

“မိသားစု စုစုစည်းစည်းနေရတာက ကောင်းတော့ ကောင်းတယ်ပေါ့နော်။ ဒါပေမယ့် ဝိုင်းလုပ်၊ ဝိုင်းစားဆိုပိုကောင်း တာပေါ့။ အခုက ကိုယ်တစ်ယောက်တည်း ဒိုင်ခံသိမ်းဆည်း လျှော်ဖွပ်နေရတာ တစ် နေ့လုံးနားချိန်တောင်မရှိဘူး”

ကျောင်းမသွားရသဖြင့် အိမ်တွင် တစ်ချိန်လုံးရှိနေသော သမီးဖြစ်သူ ပူဆာ သည်ကိုလည်း ဒေါ်ဖြူနှင်းတစ်ယောက် တောက်လျှောက်ခံနေရသေးသည်။ နားပူသည်ထက် ယခုအချိန်က ငွေရေးကြေး ရေး ခက်ချေတော့ အပိုသုံးဖို့ မလွယ်လှပါ။

“အဲဒါကြောင့် ကျောင်းပဲမြန်မြန်ဖွင့်ခိုင်းချင်နေပြီ။ ကျောင်းသွားနေရင်ဘာမှပူဆာမှာမဟုတ်ဘူး။ ဒီရောဂါက လည်း ပြီးပဲမပြီးနိုင်တော့ဘူး။ ဘယ် အချိန်အထိ ရှိနေဦးမလဲမသိဘူး”ဟု ဒေါ်ဖြူနှင်းက ညည်းညူသည်။

“အခုကို နှစ်လလောက်ဖြစ်ပြီ။ ကျောင်းပိတ်ကတည်းကဆိုရင် နောက်ထပ် သုံးလေးလလောက်သာ ဒီအတိုင်းပဲ နေရဦးမယ်ဆိုရင်တော့ အမယ်လေး သေသွားလိမ့်မယ်ထင်တယ်”

တနင်္သာရီသတင်းအဖွဲ့