မွန်ပြည်နယ်ရှိ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုအတွက် ကျပ်သိန်း ၄၅၀၀ သုံးမည်

0
487

မွန်ပြည်နယ်အစိုးရက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေး မှုအတွက် ငွေကျပ်သိန်း ၄၅၀၀ သုံးစွဲရန် လျာထားကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည့် ၂၀၁၈-၂၀၁၉ ရသုံး ခန့်မှန်းခြေငွေ စာရင်းဆိုင်ရာအချက် အလက်များ (Citizen’s Budget)တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများ အတွက် ၎င်းတို့၏ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး သုံးစွဲရန် ပြည်နယ်အစိုးရက လျာထားခြင်းဖြစ် သည်။
မွန်တိုင်းရင်းသားအတွက် ကျပ် သိန်း ၁၀၀၀၊ ဗမာအတွက် ကျပ်သိန်း ၁၀၀၀၊ ကရင်အတွက် ကျပ်သိန်း ၁၅၀၀ နှင့် ပအိုဝ်းအတွက် ကျပ်သိန်း ၁၀၀၀ လျာထားခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ရသုံးခန့်မှန်းခြေငွေ စာရင်းဆိုင်ရာ အချက်အလက်များ (Citizen’s Budget) ပါ တိုင်းရင်းသား များနှင့် ပတ်သက်သည့် ဘတ်ဂျက်ခွဲဝေ သုံးမှုအပေါ် လိုအပ်ချက်ရှိနေသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက ထောက်ပြ ထားသည်။
“တကယ်တမ်းကျတော့ ပအိုဝ်းဆို ရင် သထုံနဲ့ ဘီးလင်းမှာပဲ ရှိတယ်၊ ဆယ်မြို့နယ်လုံး ပြန့်မနေဘူး၊ ကရင်ကျ တော့ပြန့်တယ်၊ ဒါပေမယ့်မွန်နဲ့ ယှဉ် လိုက်ရင် မွန်က အလေးသာနေမှာ၊ လူဦး ရေအရလည်း မွန်ကများတယ်”ဟု ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ်တွင် လူဦးရေအများ ဆုံး တည်ရှိနေသည့် မွန်တိုင်းရင်းသားတို့ ၏ စာပေနှင့် ယဉ်ကျေးမှုကို အလေးထား သည့်အနေဖြင့် ဘတ်ဂျက်ခွဲဝေရာတွင် လည်း လူဦးရေနှင့် လုပ်ဆောင်ချက်အ ပေါ် မူတည်ခွဲဝေပေးသင့်သည်ဟုလည်း ဒေါက်တာ မင်းကြည်ဝင်းက ထောက်ပြ ထားသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေ စီမံခန့်ခွဲရာတွင် ပြည်နယ် အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်း ရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာ ငွေများကို စနစ်တကျ ခွဲဝေသုံးစွဲလျက်ရှိ သည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ အေးဇံက ပြောသည်။
မွန်ပြည်နယ်အစိုးရ၏ ၂၀၁၈-၂၀၁၉ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ (Citizen’s Budget)ကို စာစောင်ထုတ်ဝေပြီး အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ထား သည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်သည့်လုပ်ငန်း ၁၉ ခု ချမှတ်ထားပြီး ၎င်းတွင် (၁) လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ (၂) လျှပ်စစ်မီးရရှိရေး၊ (၃) မြို့ပြဖွံ့ဖြိုးတိုး တက်ရေး၊ (၄) ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အစရှိသည်တို့ ပါဝင် သည်။