မြိတ်မြို့တွင်း နေရာဆယ်ခုတွင် မီးပွိုင့် တပ်ဆင်ရန်ပြင်

0
378

မြိတ်မြို့အတွင်းရှိ လမ်းဆုံလမ်းခွ နေရာဆယ်ခု၌ မီးပွိုင့်များတပ်ဆင်နိုင်ရန် ဩဂုတ်လ ၂၅ ရက်က ကနဦးကွင်း ဆင်းတိုင်းတာမှုပြုလုပ်ခဲ့ကြောင်း မြိတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ထံမှသိရသည်။
မီးပွိုင့်တပ်ဆင်မည့် နေရာ ဆယ်ခု၌ လမ်းများချဲ့ထွင်ပြုပြင်နိုင်ရန် အတွက် လမ်းအနေအထားများကို ကွင်းဆင်းတိုင်းတာခဲ့ပြီး ယင်းနေရာများ တွင် မီးပွိုင့်များတပ်ဆင်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ သွားမည်ဟု မြိတ်မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကို က ပြောသည်။

“ကုန်ကျစရိတ်ကို တွက်ချက်ရေး ဆွဲပြီးရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး လမ်းညွှန်ချက် တောင်းခံသွား မယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။
မီးပွိုင့်နှင့် မီးထိန်းစက် တစ်လုံး လျှင် ကျပ်သိန်း ၇၀ ကျော် ကုန်ကျ မည်ဖြစ်ပြီး ဆယ်လုံးအတွက် ကျပ်သိန်း ၇၀၀ ကျော်ကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်း ၎င်းက ဆိုသည်။

မြို့တွင်းတွင် လက်ရှိမောင်းနှင်နေ သည့် ယာဉ်အနေအထားနှင့် ယှဉ်ပါက မီးပွိုင့်လိုအပ်ချက်များရှိနေပြီး အမြန် ဆုံး အကောင်အထည်ဖော်သင့်ကြောင်း မြိတ်မြို့၌ ဆိုင်ကယ်တက္ကစီမောင်းသူ ဦးနိုင်ဝင်းက ပြောသည်။
“လမ်းဆုံတိုင်းမှာ တပ်လိုက်ရင် တော့ ယာဉ်တိုက်မှုတွေ လျော့ကျလာနိုင် တယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။
မြိတ်မြို့အတွင်း လက်ရှိ ကရာနီ လမ်းဆုံ၊ ဂေါက်ကွင်းလမ်းဆုံ၊ ထား ဝယ်ကမ်းလမ်းဆုံနှင့် ကန်ဖျားကုန်စိမ်း ဈေးလမ်းဆုံတို့တွင် မီးပွိုင့်များ တပ် ဆင်ထားသည်။