သရက်ချောင်းတွင် မြေမြုပ်မိုင်းနင်းမိမှုများ ဆက်တိုက်ဖြစ်လာ

0
402

သရက်ချောင်းမြို့နယ်တွင် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ဆက်တိုဖြစ်လာသည်ဟု ဒေသခံများထံက သိရသည်။

လွန်ခဲ့သည့် လေးငါးရက် (ဧပြီလ ၁၁ ရက်ခန့်)က မဲနယ်အိုးရွာမှ အမျိုးသမီးတစ်ဦး မြေမြုပ်မိုးနင်းမိမှုဖြစ်ပြီး ခြေတစ်ဖက်ပြတ်သွားသည်ဟု ဒေသခံအချို့နှင့်ဆေးရုံပို့ပေးခဲ့သည့်ပရဟိတအသင်းဝင်အချို့က ပြောသည်။

အသက် ၃၀ ခန့်ရှိ မမီးထိုက်မှာ အိမ်အနီးက ရော်ဘာခြံကို နံနက်စောစောထသွားစဉ် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်ပြီး ခြေတစ်ဖက်ပြတ်ထွက်ကာ နောက်ခြေတစ်ဖက်မှာလည်း ဒဏ်ရာရအနည်းငယ်ရရှိခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

“ခြေဖြတ်ရတာတော့ တစ်ဖက်လို့ပဲကြားတယ်၊ အခုက ထားဝယ်ဆေးရုံမှာလို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လူနေအိမ်အနီးတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေပြတ်သွားသည့် ယင်းဖြစ်စဉ်ကြောင့် ဒေသခံများမှာ ဥယာဉ်ခြံထဲ မသွားလာရဲဖြစ်နေကြသည်ဟု ၎င်းက ပြောသည်။

ယင်းနေ့မှာပင် သရက်နှစ်ခွတံတားတွင် တပ်စွဲထားသည့်စစ်ကောင်စီဂိတ်အနီး Wifi ကြိုးလိုက်ပြင်နေသည့် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

အထက်ပါအမျိုးသားမှာ သေဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ဆေးရေးဂိတ်ရှိသည့် သရက်နှစ်ခွရွာ မီးရထားလမ်းဘက်ကိုသွားသည့် အမျိုးသားနှစ်ဦးလည်း မတ်လ ထဲမှာပင် မြေမြုပ်မိုင်းနင်းမိခဲ့သေးသည်ဟု သရက်နှစ်ခွရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရွာခေါ်အမည် ဘိုးတော်ဆိုသည့် အသက် ၃၈ နှစ်ခန့်အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦးနှင့် အသက် ၆၀ ကျော်အရွယ် ဦးရှန်ပိုတို့နှစ်ဦး မီးရထားလမ်းအနီးမှာပင် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“ဦးမြင့်စိုးဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့်ပဲ သူတို့နှစ်ယောက်ထပ်ထိတယ်၊ ခြေဖြတ်ရတာတော့မရှိဘူး၊ ဒဏ်ရာရတာလောက်ပဲ၊ တစ်ယောက်က စက်ဘီးနဲ့သွားရင်းဖြစ်တာ၊ တစ်ယောက်က ဆိုင်ကယ်နဲ့သွားရင်းဖြစ်တာ” ဟု ၎င်းက ပြောသည်။

ဦးမြင့်စိုးမှာ မတ်လ ၁၁ ရက်က မီးရထားလမ်းရှိ လယ်ကွင်းထဲကိုသွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်ပစ်လိုက်ရသည်။

မိုင်းနင်းမိသည့်နေရာသည် သရက်နှစ်ခွတံတားတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် နှစ်ဖာလုံခန့်အကွာရှိ မီးရထားလမ်းဝန်းကျင်နှင့် စစ်တပ်ဂိတ်အနီးက လမ်းဘေးဝဲယာနေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

မိုင်းနင်းမိသူကို စစ်ကောင်စီတပ်က သွားရောက်ကူညီပေးခဲ့သည်ဟု အထက်ပါအမျိုးသားက ပြောသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၅ ရက်ကလည်း ကင်းရှေ့ရွာက အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည်။

ဖေဖော်ဝါရီလထဲမှာပင် စော်ဖျား၊ ကျောက်လှေကား၊ အင်းပြားရွာဘက်ကို ဆိုင်ကယ်ဖြင့် မုန့်လိုက်ပို့နေသည့် အမျိုးသားတစ်ဦးလည်း မြေမြုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာရခဲ့ပြီး ကားတစ်စီးလည်း မြေမြုပ်မိုင်းနင်းမိခဲ့သေးသည်ဟု စော်ဖျားရွာက ဒေသခံအမျိုးသမီးက ပြောသည်။

သရက်ချောင်းမြို့နယ် အထက်ပိုင်းကျေးရွာများတွင် စစ်ရေးလှုပ်ရှားနေသည့် ပကဖတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း မြေမြုပ်မိုင်းနင်းမိသူ ၇ ဦး၊ ၈ ဦးခန့်ရှိပြီဖြစ်ပြီး စစ်တပ်က မိုင်းများလိုက်ထောင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသခံများကလည်း စစ်တပ်က ထောင်ခဲ့တာဖြစ်သည်ဟု ယူဆနေကြသည်။