စစ်ကောင်စီတပ်က လောင်းလုံးတွင် နေအိမ်များဖျက်ဆီးပြီး ဒေသခံအချို့ကိုဖမ်းဆီး

0
444

ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရောက်တိုက်ခိုက်မှု ခံရပြီးနောက် လောင်းလုံးမြို့ ရွာလယ်ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က မြို့တွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်စီးကာ ဒေသခံအချို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်္ကြန်အကြိုနေ့က စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ယင်းရွာလယ်ဘုန်းကြီးကျောင်းအနီးရှိ ‌အိမ်များအတွင်း စစ်ကောင်စီတပ်သားများက ဝင်ရောက်ရှာဖွေပြီးနောက် နေအိမ်အများအပြားကို ဖျက်ဆီးခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။

“ရွာလယ်ကျောင်း(ဘုန်းကြီးကျောင်း) မှာတပ်စွဲထားတဲ့ စစ်သားတွေက ကျောင်းနားမှာပဲ မဏ္ဍပ်ထိုးပြီးရေကစားနေကြတာကို ( ပြည်သူ့ကာကွယ်ရေးအဖွဲ့က) ဝင်လာပစ်တာ” ဟု မြို့ခံတစ်ဦးကဆိုသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်တွင် သေဆုံးသူရှိမရှိကို မသိရ‌သေးသော်လည်း ဒဏ်ရာရသူအချို့ရှိကြောင်း ၎င်းကဆိုသည်။

‌“ဆရာဝန်လိုက်ရှာနေကြတယ်။ ခဏခဏ မြို့ထဲဝင်ပြီး ဆရာဝန်ကိုလာခေါ်နေကြတာ။ ထိတဲ့သူများတယ်လို့ကြားတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ယင်းအပြင် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“အဖမ်းခံရတဲ့သူတွေက ဆင်းဆင်းရဲရဲနဲ့ လုပ်ကိုင်စားသောက်နေတဲ့သူတွေ။ တစ်ယောက်ဆိုရင် သူ့အမေက နေမကောင်းလို့ ပြုစုပေးနေရတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။

သင်္ကြန်အကျနေ့တွင်မူ လောင်းလုံးမြို့မရဲစခန်းထဲမှနေပြီး မြို့ပြင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးမှာ လောင်းလုံးမြို့ ကျန်တောရှောင်ရပ်ရှိ ပျဉ်ထောင်အိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။

ယင်းအပြင် ထိုအရပ်ရှိ ကြက်မွေးမြူးရေးခြံထဲသို့လည်း လက်နက်ကြီးတစ်လုံးကျရောက်ခဲ့ပြီး ဟိုင်းလတ်ကားတစ်စီးလည်း ပျက်စီးသွားကြောင်း ၎င်းကဆိုသည်။

“လက်နက်ကြီးစထိတဲ့ အိမ်တွေလည်းအများကြီးပဲ။ လူမထိလို့ ကံကောင်းသေးတယ်ပြောရမယ်” ဟု အခြားမြို့ခံတစ်ဦးကဆိုသည်။

လောင်းလုံးမြို့တွင် နှစ်တိုင်း သင်္ကြန်မဏ္ဍပ်ဆောက်ကာ ဖျော်ဖြေရေးအစီအစဉ်တို့ဖြင့် သင်္ကြန်ကျလေ့ရှိသော်လည်း ယခုနစ်တွင်မူ မဏ္ဍပ်ဆောက်လုပ်ခြင်းမရှိပေ။

မြို့ခံများမှာ ပစ်ခတ်မှုများကြောင့် မရေကစားရဘဲ နေအိမ်ထဲ ဝပ်နေကြရသည်။

ရဲစခန်းနှင့် စစ်ကောင်စီတပ်တို့ တပ်စွဲထားသည့် နေရာတို့တွင်မူ ရေကစားရင်း သောက်စားပျော်ပါးနေကြသည်ဟု မြို့ခံတို့ကဆိုသည်။