တနင်္သာရီဘိုးဘိုးကြီး၏ တနင်္သာရီဟောကိန်း

0
3056

ဒဏ်ရာများစွာနဲ့ နာကျင်စွာဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ချင်းနင်းဝင်ရောက်လာပါပြီ။

နာကျင်ရင်ကွဲခဲ့ရတဲ့နေ့ရက်တွေ၊ မြိုသိပ်အံကြိတ်ခဲ့ရတဲ့အချိန်၊ မရေရာတဲ့ အနာဂတ်တွေ၊ လုံခြုံမှုမဲ့တဲ့ ဘဝတွေ၊ ဈေးပေါခဲ့ရတဲ့ အသက်တွေ စတဲ့အနိဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်ဟောင်းက မကြာခင်ကုန်ဆုံးတော့မှာပါ။

ချူချာလှတဲ့ နှစ်ဟောင်းမှာ လူမစုံတော့တဲ့ ရှင်ကွဲ သေကွဲ ကွဲကွာခဲ့ရတဲ့ မိသားစုဘဝတွေကလည်း တစ်ပုံတစ်ပင်။

နှစ်ဟောင်းခြွေပြီးလို့ နှစ်သစ်ရောက်ချိန်မှာတော့ ဆယ်လမွန်ငါးတွေအိမ်ပြန်ခွင့် ရတော့မလား။ သန်းခေါင်ထက်ပိုနက်တဲ့ ညတွေ ဖြတ်သန်းရဦးမလား။

အခုနှစ်မှာ တနင်္သာရီဘိုးဘိုးကြီးကတော့…..

ဒရုန်းယာဉ်ပျံကိုစီးပြီး လက်တစ်ဖက်က မီးတုတ်ကိုင်ပြီး ကျန်တစ်ဖက်က မောင်းပြန်သေနတ်ကိုင်လျက် ကျည်ကာဝတ်ပြီး ဆင်းအံ့။

နိုင်ငံရေး

အလောင်းစည်သူဘွဲ့ခံ သူရူးတစ်သိုက် နေစရာမြေ ကျဉ်းမြောင်းလာပြီး ဂူတွမ်းထဲ အချိန်ကုန်အံ့။ ကောင်းကင်ပေါ်အမြဲ မော့ကြည့်ပြီး ညဘက်အိပ်ရေးပျက်လတ္တံ့။

အလောင်းစည်သူတစ်စု ပြုထားသမျှ အကုသိုလ်အကျိုးတရားနဲ့ လူထုပို့သတဲ့မေတ္တာကြောင့် သွားလေရာ လာလေရာ ဘေးတွေ့အံ့။ သွေးရူးတန်းရူး ဂယောင်ခြောက်ခြားဖြစ်ပြီး အရှေ့တစ်မျိုး နောက်တစ်မျိုး ပိုပြောလာအံ့။

အဖက်ဖက်က နိမ့်ကျနေတဲ့အခြေအနေတွေကို တွေ့ကရာလူ လက်ညိုးထိုး အပြစ်ပိုဖို့ပြီး သူလုပ်မှဦးမော့လာတယ်လို့ အရူးချီးပန်း လျှောက်ပြောအံ့။

၆ လသက်တမ်းကို အလီလီတိုးပြီး အတင်းတွယ်ကပ်နေရာက အပိုင်ယူတယ်ဆိုပြီး ကြေညာနိုင်ခြေများလတ္တံ့။ တစ်ဘက်မှာလည်း “အသည်းကြားက မဲတစ်ပြား”လုပ်ဇာတ်ကို နေရာဒေသကွက်ကြား အသုံးချအံ့။

တနင်္သာရီဘိုးဘိုးကြီးဟာ လက်တစ်ဖက်က မီးတုတ်ကိုင်ပြီး ကျန်တစ်ဘက်က မောင်းပြန်သေနတ်ကိုင်ကာ ဆင်းတဲ့အတွက် မြို့ရွာတွေကို အရင်ထက်ဆတိုးပြီး မီးလောင်တိုက်သွင်းလို့ မြို့ပျက်ရွာပျက်ပိုများလာအံ့။

အလောင်းစည်သူရဲ့အဖွဲ့က လေထဲကနေ ဖောချင်းသောချင်း ဗုံးမိုးပိုရွာသွန်းလတ္တံ့။ တောတောင်တွေထဲမှာပဲ ဖြစ်လေ့ရှိတဲ့ တိုက်ပွဲတွေ မြို့ပေါ်ရောက်လာပြီး သွေးချောင်းစီး လတ္တံ့။

အတင်းအဓမ္မ သွေးသစ်လောင်းထားတဲ့ အစုအဖွဲ့ကြီးက အပြိုင်အဆိုင်အသုံးများလာတဲ့အတွက် ပဝါဖြူတွေ အပါအဝင် အဖြူရောင်ပါတဲ့ အဝတ်အစားတွေ၊ အထည်တွေ အရောင်းသွက်အံ့။ ယင်းအစုအဖွဲ့ကြီးထဲမှာ မာရသွန် အပြေးပြိုင်ပွဲ ကြီးကျယ်ခမ်းနားစွာ အပြိုင်အဆိုင် ကျင်းပလတ္တံ့။

အလောင်းစည်သူနဲ့ အပေါင်းအဖော်တစ်သိုက်က ဆွေမျိုးပေါက်ဖော်ဘက်ကပ်လိုက်၊ ကုလားဖြူတွေကို မျက်နှာချိုသွေးပြလိုက်နဲ့ အလုပ်ပိုရှုပ်လတ္တံ့။

အလောင်းစည်သူက လူဟောင်းဆရာရင်းတွေကို လူရှေ့သူရှေ့ပွဲထုတ်ပြီး လေချိုသွေးလာအံ့။

လူမှုရေး

မြန်မာနိုင်ငံရဲ့ မြို့တော် ဘန်ကောက်အပါအဝင် သင်္ဘောသီးထောင်းရှိရာဌာနီကို လူငယ်တွေ အုံလိုက်ကျင်းလိုက် ရွှေ့ပြောင်းဆဲ ဆက်ပြောင်းကြအံ့။

ဘောလုံးသမား(လူခေါ်ပွဲစား)တွေ လက်ဖျားငွေသီးအံ့။ အသက်ကြီး မိအိုဖအိုတွေ ဆေးပေးမီးယူမရှိဘဲ ပိုအထီးကျန်လတ္တံ့။

ရပ်ရွာထဲက လူငယ်အသင်းအဖွဲ့တွေမှာ သက်ကြားအိုတွေပဲ ကျန်ခဲ့လို့ လူကြီးအသင်းလို့ အမည်ပြောင်းရအံ့။

လုပ်သားမရှိတဲ့ လုပ်ငန်းခွင်တွေပေါများလာပြီး အလုပ်ခေါ်ကြော်ငြာစာတွေ လှိုင်လှိုင်ပိုမြင်ရအံ့။ပြည်သူအများ ထမင်းတစ်နပ်လျော့စားရလတ္တံ့။

ဗျူရိုကရက်အပေါင်း ဘုန်းတန်ခိုးကြီးပြီး လာဘ်လာဘဆက်ပွင့်အံ့။ နေရာအနှံ့ စစ်မီးကူးစက်ပြီး အိုးအိမ်မဲ့လူတန်းစားတစ်ရပ် စည်ပင်ထွန်းကားလတ္တံ့။

မြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်တွေနဲ့ ပိုပြည့်လာပြီး နေစရာရှားအံ့။

စကားများရန်ဖြစ်ချိန်တွင် တုတ်ဓားအစား ဂန်းဖြင့်ဖြေရှင်းလတ္တံ့။ လမ်းထွက်ချိန်တွင် ကျီးကန်းတောင်းမှောက် ပိုဖြစ်အံ့။

စီးပွားရေး

အလောင်းစည်သူဘွဲ့ခံ အတ္တသမားကိုင်ထားတဲ့ စာရွက်ပေါ်မှာ စီးပွားရေးတိုးတက်ပြီး မြေပြင်မှာ ပြောင်းပြန်ဇောက်ထိုးဖြစ်အံ့။

တိုင်းတပါးငွေချွေတာဖို့အလို့ငှာ ပြည်တွင်းထွက်ကုန် ပိုထုတ်ဖို့ လောဆော်အံ့။ လမ်းဘေးဝဲယာတစ်လျှောက်ပိတ်ထားသည့် ဆိုင်ခန်းများ ပိုမြင်ရလတ္တံ့။

စောရနက္ခတ်ကြီးစိုးတဲ့ကာလဖြစ်တဲ့အတွက် လိုင်စင်ရသူခိုး သူဝှက်ပိုပေါများလာပြီး ဝါးတားဂိတ်တွေ မှိုလိုပေါက်အံ့။

ယင်းဝါးတားဂိတ်တွေမှာ လက်ဆွဲနှုတ်ဆက်တဲ့ဓလေ့ ပိုထွန်းကားလာပြီး ဗျူရိုကရက်တွေ စီးပွားပိုဖြစ်လာအံ့။

တနင်္သာရီဘိုးဘိုးကြီးရဲ့ဒေသထွက် ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်၊ ဝဥစတဲ့ ဥယျာဉ်ခြံထွက်တွေ ဝယ်သူမဲ့ပြီး ဂိုဒေါင်တွေထဲ စုပုံနေအံ့။တောင်သူတွေ အရင်းမကြေ လက်မှိုင်ချရအံ့။

ရေလုပ်ငန်းများ တွက်ခြေမကိုက် အရင်းမကြေဖြစ်လတ္တံ့။ စွန့်ပစ်လယ်ယာ ဉယျာဉ်တွေ ပိုများလာအံ့။ မိုးခေါင်ရေရှားပြီး ဆန်နဲ့ စားသုံးကုန်ရှားပါးအံ့။ ဆန်၊ ဆီ၊ ဆေး၊ ဆား စတဲ့ ဈေးနှုန်း မိုးထိအံ့။ အိမ်ခြံမြေ အရောင်းများပြီး အဝယ်နည်းသလို ဈေးလည်း ခေါင်ခိုက်လတ္တံ့။

အချုပ်ဆိုရသော် အရင်ကဆိုရင် နယ်ဒေသနေ တောင်ပိုင်းသားတွေလောက်ပဲ အထုတ်အပိုးပြင်ရလေ့ရှိပေမယ့် နှစ်သစ်မှာတော့ မြို့ပေါ်နေသူတွေပါ အထုပ်ဆွဲပြေးရမယ့်ကိန်းမြင်ပါတယ်။

ဒါ့အပြင်တောင်ပိုင်းသားတွေအဖို့ မည်းမည်းမြင်ရာ ဆရာခေါ်ရမယ့် ဇာတာအားကောင်းနေပါတယ်။

ကြာသပတေးသား အတာစားတဲ့နှစ်ဖြစ်တဲ့အတွက် ဘေးရန်အပေါင်းက ဆီးကြိုနေလတ္တံ့။ယတြာအနေနဲ့ လမ်းမပေါ်ထွက်ပြီး “အောင်ပြီ အောင်ပြီ အောင်ပြီ” လို့ ဘုရားပေါ်တက် လက်သီးလက်မောင်တန်းပြီး သုံးကြိမ်သုံးခါ အော်ရပါမယ်။

အာဏာရှင်တွေ မျိုးဆက်တုံးပြီး ပြည်သူတွေဘဝ ရေလိုအေးချမ်းပြီး ပန်းလိုလန်းဆန်းကြပါစေသော်…..