စစ်ရှောင်များကို ကူညီနေသည့် မွန်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး ဖမ်းဆီးခံရ

0
1695

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်ဘေးရှောင်များအရေးကူညီပေးနေသည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ဒေါက်တာ အောင်နိုင်ဦးသည် ဧပြီလ ၁၀ရက် နံနက် ၉ နာရီခန့်က ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသရှိ စစ်ဘေးရှောင်များကို အကူအညီပေးရန် သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကျိုက်မရောဘက်က စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေ သွားပေးတဲ့ အချိန်မှာ မော်လမြိုင် စက်မှုဇုန်နေရာမှာ စစ်တပ်က ဖမ်းဆီးလိုက်တယ်။ ဘာကြောင့် ဖမ်းတာလဲဆိုကတော့ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာအောင်နိုင်ဦးကို ပြန်လွှတ်ပေးရန်အတွက် သံဃာတော်များနှင့် မွန်ခေါင်းဆောင်တို့က စစ်ကောင်စီနှင့် သွားရောက် ညိုနှိုင်းနေသော် ညနေပိုင်းအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသည့် ဒေါက်တာအောင်နိုင်ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း နီးစပ်သူတို့က ဆိုသည်။

ဒေါက်တာအောင်နိုင်ဦးသည် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ရွာလုံးနီးပါး မီးဘေးသင့်ခဲ့ရသည့် ဓမ္မသကျေးရွာပြည်သူများ၊ ဒေသတွင်းက စစ်ဘေးရှောင်ပြည်သူများကို ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ့နေသူ ဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

၎င်းသည် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ချောင်းဆုံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် သုံးကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်ပြီး NLD အစိုးရလက်ထက်တွင် ပြည်နယ်လွှတ်‌‌တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတွင် မွန်ညီညွတ်ရေးပါတီ MUP က ပုဂ္ဂိုလ်အချို့ ပါဝင်ခဲ့ပြီးနောက် ဒေါက်တာအောင်နိုင်ဦးသည် ယင်းပါတီမှ နုတ်ထွက်ခဲ့ပြီး လူမှုရေး၊ စာပေယဉ်ကျေးမှုကိစ္စတို့ကို တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့ကြောင်း နီးစပ်သူတို့က ဆိုသည်။