မဲဆောက်တွင် မြန်မာသို့ပို့မည့် ဒရုန်းဖျက်လက်နက်တွေ့၍ မြန်မာနှစ်ဦး ဖမ်းဆီးခံရ

0
1338

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒရုန်းဖျက်လက်နက်တစ်လက်ကို မြန်မာနိုင်ငံသား နှစ်ဦးထံမှ စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံသို့ ပါဆယ်ပို့မည့် အထုပ်တွင် လက်နက်များပါကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က အမျိုးသား၊ အမျိုးသမီးနှစ်ဦးကို ခေါ်ယူ စစ်ဆေးရာမှ ဒရုန်းပစ် လက်နက်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ဆိုသည်။

ဒရုန်းပစ် လက်နက်ကို အွန်လိုင်းက မှာယူထားပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု မြန်မာနှစ်ဦးက ရဲတပ်ဖွဲ့ထံ ဝန်ခံထားကြောင်း သတင်းတွင် ဖော်ပြသည်။

လက်နက်ကိုင်ဆောင်ထားမှုအတွက် ခွင့်ပြုချက်တောင်းခံထားခြင်းမရှိကြောင်း ဆိုသည်။

ဒရုန်းပစ်လက်နက်နှင့် ပါဆယ်အတွင်းပါသော ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံသား နှစ်ဦးကို ဆက်လက်စစ်ဆေးရန် မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် တရားမဝင် လက်နက်ကိုင်ဆောင်မှုများဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို အရေးယူထားသည်။

Ref: Siamrath, AEC ASEAN News