မော်လမြိုင်-ရန်ကုန်ရထားလမ်း ပြင်ပြီးသော်လည်း လုံခြုံရေးကြောင့် ခရီးစဉ်များရပ်ဆိုင်းထား

0
441
ပုံစာ - မော်လမြိုင်-ရန်ကုန်သို့ ထွက်ခွာသည့် အစုန်ရထားကိုတွေ့ရစဉ် (ပုံဟောင်း) ပုံခရက်ဒစ် - မော်လမြိုင်ဘူတာကြီး။

သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး မိုင်းဆွဲခံရပြီး ပျက်စီးသွားသည့် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း နေရာပြင်ဆင်ပြီးဖြစ် သော်လည်း လုံခြုံရေးအခြေအနေကြောင့် ရထားခရီးစဉ်များ ဆက်လက် ရပ်နားထားကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ ၁၈ ရက် နံနက်ပိုင်း က ကျောက်တင်ရထား မိုင်းခွဲခံရပြီး ရထားတွဲဆိုင်း ၇ တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့သလို ရထားလမ်းလည်း ပေ ၂၀ ခန့် ပျက်စီးခဲ့သည်။

ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မော်လမြိုင်-ရန်ကုန် အစုန်ရထားခရီးစဉ်နှင့် ရန်ကုန်-မော်လမြိုင် အဆန် ရထားခရီးစဉ်များကို မတ်လ ၁၉ ရက်နေ့ကစပြီး ယာယီဖျက်သိမ်းထားခဲ့ရသည်။

ပျက်စီးသွားသည့် ရထားလမ်းပိုင်းကို မတ်လ ၂၃ ရက်နေ့က ပြန်လည်ပြင်ဆင်ပြီးဖြစ်သည့်အတွက် မတ်လ ၂၄ ရက်နေ့တွင် ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲမည်ဟု ထုတ်ပြန်ခဲ့သော်လည်း လုံခြုံရေးအခြေအနေကြောင့် ရထားခရီးစဉ်များ ဆက်လက်ဖျက်သိမ်းထားရခြင်းဖြစ်ကြောင်း မော်လမြိုၚ်ဘူတာကြီး တာဝန်ရှိသူက ပြောသည်။

“ရထားပြေးဆွဲဖို့ စီစဉ်ပြီးမှ လုံခြုံရေးဆိုင်ရာအခြေနေကြောင့် ဖျက်သိမ်းလိုက်ရတာပါ” ဟု အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ကို ဆက်လက်ကြေညာပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

ရထားဖြင့် ခရီးသွားသူတစ်ဦးကလည်း “ဘယ်နေ့ ပြန်ပြေးဆွဲမယ်ဆိုတာတော့ သူတို့ မပြောဘူး။ ပြန်ပြေးဆွဲမယ့်ရက်ကို ပြန်ပြောပေးသွားမယ်လို့ပဲ ပြောတယ်။ ကြာမလား၊ မကြာဘူးလားဆိုတာကတော့ လုံခြုံရေးအခြေအနေပေါ်မှာပဲ မူတည်မယ် ထင်တယ်” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအရနှင့် လမ်းခရီးတွင်စစ်ဆေးမှု များလာခြင်းတို့ကြောင့် ကားလမ်းခရီးထက် ရထားလမ်းခရီးကို ပိုမိုအသုံးပြု သွားလာနေကြသည့်အတွက် ယခုလို ရထားခရီးစဉ်များ ဖျက်သိမ်းလိုက်သည့်အပေါ် သွားလာရေး အခက်အခဲဖြစ်ကြောင်း ရထားဖြင့် ခရီးသွားနေသူတို့ထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ရထားလမ်းပိုင်း မိုင်းခွဲခံရခြင်းများ မကြာခဏဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်ကို ယခင်က နေ့ရော ညပါ လူစီးရထားခရီးစဉ်ရှိ ခဲ့သော်လည်း ရထားလမ်းပိုင်း မိုင်းဆွဲခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလာသည့်နောက်ပိုင်း လူစီးညရထားခရီးစဉ်ကို မြန်မာ့မီးရထားက ဖျက်သိမ်းလိုက်ပြီး နေ့ခရီးစဉ်သာ ပြေးဆွဲတော့သည်။

အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရသည့်ဖြစ်စဉ်

ရထားလမ်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည့်အပြင် ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းရှိ တံတား မိုင်းခွဲဖျက်ဆီးခံရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။